
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ကျေးရွာ ၅ ရွာမှာ မိုင်း၊ လက်နက်ကြီး၊ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ပညာပေး ပိုစတာကပ် တာတွေကို အင်းလေးအမျိုးသမီးသမဂ္ဂက ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုတပတ်အတွင်းမှာ ကျေးရွာအလိုက် တလှည့်စီ ပြုလုပ်ပေးတာဖြစ်ပြီး အခုလို စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့အချိန်မှာ ပြည်သူတွေ ဘေးကင်းစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာလို့ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ အတွင်းရေးမှူး မကြိုးကြာက ပြောပါတယ်။
“စစ်တပ်က ပြည်သူလူထုနေတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်။ နောက်ပြီး ခုကာလက တိုက်ပွဲကာလ ဖြစ်နေတဲ့အတွက် ပြည်သူတွေက အတတ်နိုင်ဆုံး လက်နက်ကြီး၊ မိုင်းအန္တရာယ်ကနေ ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်။ ဒီနေရာဆိုလည်း လက်နက်ကြီးနဲ့ ခဏခဏ ထုခံရတယ်ပေါ့နော်၊ ပြည်သူတွေ ထိတာလည်း အများကြီးရှိပြီ၊ ဒါကြောင့်မို့ ဒီပညာပေးကို ပြုလုပ်ပေးရခြင်း ဖြစ်တယ်။”
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိတဲ့ အရပ်သား ပြည်သူတွေကိုလည်း အင်းလေးအမျိုးသမီးသမဂ္ဂက ဆေးကုသပေးနေတယ်လို့လည်း ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာရှိ ပအိုဝ်းလူမျိုး စစ်ဘေးရှောင်စခန်းတခုကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တယောက် အပါအဝင် စစ်ဘေးရှောင် ၃ ယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။