ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသ၊ တောင်ပို့ကွဲကျေးရွာမှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်တို့ ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ကလေးငယ်အပါအဝင် ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၅ နာရီကျော်က ပစ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေတော့ အသက် ၁၀ နှစ်အရွယ် စိုင်းလျန်ဆိုင်နဲ့ အသက် ၄၀ အရွယ် ဦးစိုင်းလုံတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်ပို့ကွဲရွာခံတယောက်က “၂ ဦး ပွဲချင်းသေသွားတယ်။ လက်နက်ကြီးနဲ့ ၆ လုံးပစ်လာတာ အကုန်လုံး ရွာထဲပဲကျကွဲတယ်။ ရွာမှာက တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ၂ ဦးစလုံး လက်နက်ကြီးအစ ခေါင်းကိုဖောက်ဝင်ပြီး သေသွားတာ” လို့ ပြောပါတယ်။
လက်နက်ကြီးကျလို့ နေအိမ် ၁၀ လုံးလည်း ထိခိုက်ပျက်စီးပြီး ဒဏ်ရာရသူ ၂ ယောက်ကိုတော့ ဘေးကင်းတဲ့နေရာမှာ ဆေးကုသပေးနေပြီး စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
တချိန်တည်းမှာ ညောင်ရွှေမြို့နဲ့ ထိစပ်နေတဲ့ ပင်လောင်းမြို့နယ် နန်းတုတ်ရွာကိုလည်း စစ်တပ်နဲ့ PNO ပြည်သူ့စစ်က မီးလောင်ဗုံးအပါအဝင် လက်နက်ကြီးနဲ့ ၈ လုံး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာလည်း စံကားဒေသရှိ ဘုရားတောင်လွယ်နွဲ့ကျေးရွာကို စစ်တပ်နဲ့ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ အင်းလေးဒေသ လူအခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တုံစင့်ကျေးရွာမှာလည်း ကလေးငယ်တယောက် မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ တုံစင့်ရွာနေ အသက် ၁၃ နှစ်အရွယ် စိုင်းလောဝ်ခမ်း မိုင်းနင်းမိတာလို့ နီးစပ်သူတယောက်က ပြောပါတယ်။
“စစ်တပ်ရဲ့ ခလရ ၂၃ နား နင်းမိတာ။ ခြေထောက်တဖက် ချက်ချင်းပြတ်သွားတယ်။ လူငယ်ဆိုတော့ စိတ်ဓာတ်တွေပါ အရမ်းထိခိုက်တယ်။”
မိုင်းနင်းမိသူ စိုင်းလောဝ်ခမ်းဟာ လားရှိုးမြို့ဆေးရုံမှာ ဆေးကုသနေပြီး အသက်အန္တရာယ်တော့ စိုးရိမ်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။
ကမ္ဘာတဝန်းမှာ မြေမြှုပ်မိုင်း အသုံးပြုနေတဲ့နိုင်ငံ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံသာ ရှိနေပြီး ဒီနှစ်ပိုင်းတွေမှာ အသုံးပြုမှုတွေ တိုးမြှင့်လာနေတာ တွေ့ရတယ်လို့ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ထုတ်ပြန်ထားပါတယ်။