
ဂါနာနိုင်ငံရဲ့ အမျိုးသားဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ ဝန်ထမ်းလခစာရင်းမှာ သံသယဖြစ်စရာ နာမည်အတု အယောက်ပေါင်း ၈၁,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့အပြီးမှာ ဂါနာသမ္မတ ဂျွန်ဒရာမာနီ မာဟာမာဟာ အရင်အစိုးရဟောင်းလက်အောက်ရှိ အမျိုးသားဝန်ဆောင်မှု အာဏာပိုင်အဖွဲ့ရဲ့ လုပ်ငန်းလည်ပတ် လုပ်ဆောင်ပုံတွေကို စုံစမ်းစစ်ဆေးဖို့ ဖေဖော်ဝါရီ ၁၂ ရက်က အမိန့်ပေးခဲ့ပါတယ်။
ဘွဲ့ရတွေအတွက် ၁ နှစ်တာ အလုပ်ခန့်ထားမှုကို ကြီးကြပ်ကွပ်ကဲဖို့ တာဝန်ရှိတဲ့ အေဂျင်စီမှာ ပေးချေစရာ ငွေကျန်စာရင်းကို ရှင်းလင်းဖို့ အလုပ်ခန့်ထားတဲ့ လက်ရှိ လူအရေအတွက်ကို စာရင်းကောက်ယူလိုက်ပြီးနောက်မှာ နာမည်အတုတွေကို စာရင်းထဲ ထည့်ပြထားတာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သရဲတစ္ဆေနာမည်တွေလို့ တင်စားကြတဲ့ နာမည်အတုတွေအောက်မှာ အရင်ငွေပေးချေမှုတွေကို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဘဏ္ဍာရေးဝန်ကြီးဌာနဟာ တရားဝင် ငွေလက်ခံရယူသူ ၉၈,၀၀၀ ကျော်အတွက် ဂါနာငွေ စီဒီစ် ၂၂၆ သန်း (ဒေါ်လာ ၁၄ ဒသမ ၆ သန်း) ကို ထုတ်ပေးခဲ့ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သီးခြားအားဖြင့် ဗုဒ္ဓဟူးနေ့မှာ ဂါနာနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီ၊ အထူးအစိုးရရှေ့နေရုံး (OSP) ဟာ ဘဏ္ဍာရေးဝန်ကြီးဟောင်း ကန် အိုဖိုရီ အက်တာကို “အလိုရှိသူ တရားခံပြေး” အဖြစ် ကြေညာခဲ့ပြီး အဂတိလိုက်စားမှုနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုတွေအတွက် စုံစမ်းစစ်ဆေးခံနေရတဲ့ ငွေပြောင်းငွေလွှဲကိစ္စ ၅ ခုမှာ စွပ်စွဲချက်တွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
ဂါနာပြည်သူတွေကတော့ နိုင်ငံရေးအထက်တန်းလွှာတွေအကြားမှာ ပြစ်ဒဏ်ကင်းလွတ်နေကြတဲ့ ယဉ်ကျေးမှုတရပ်ကို မြင်တွေ့နေရတဲ့အပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။
“အခု ဖမ်းဖို့ ဖမ်းဝရမ်းထုတ်ထားတော့ လိုအပ်ရင် ဥပဒေတွေအတိုင်း လိုက်နာကျင့်သုံးရမယ်။ အစိုးရဘဏ္ဍာတွေကနေ ခိုးယူသွားသမျှ ငွေတွေနဲ့ အလိမ်အလည်စာချုပ်တွေ အားလုံးကို အစိုးရက စုံစမ်းစစ်ဆေးသင့်တယ်” လို့ ပြောဆိုကြပါတယ်။
ဇန်နဝါရီလမှာ ရုံးပြန်တက်လာတဲ့ ဂါနာသမ္မတ မာဟာမာကတော့ ရေနံနဲ့ ရွှေထုတ်လုပ်ရာ အနောက်အာဖရိကနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ ကတိပြုထားပါတယ်။
Source : Reuters