မကွေးတိုင်း၊ ရေစကြိုမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ငွေမရှိတာကြောင့် Non CDM ၀န်ထမ်းတွေနဲ့ ပင်စင်စား၀န်ထမ်းတွေ ပင်စင်နဲ့ လစာတွေ ထုတ်ယူလို့ မရဘူးလို့ ဝန်ထမ်းတွေထံက သိရပါတယ်။
ပင်စင်လစာ သွားရောက်ထုတ်ယူခဲ့တဲ့ အငြိမ်းစား၀န်ထမ်းတဦးက “ပြီးခဲ့တဲ့ ဇွန်လကုန်တုန်းက ပင်စင်သွားထုတ်တာ။ ဘဏ်မှာ ငွေမရှိလို့ ထုတ်မရသေးဘူးဆိုပြီး ဘဏ်၀န်ထမ်းက ပြောလို့ ပြန်လာခဲ့ရတယ်။ အခုလို ကုန်ဈေးနှုန်းတွေ ဈေးကြီးနေတဲ့အချိန်မှာလေ ပင်စင်ရတာလေးက ဘာမှမပြောပလောက်ပေမဲ့ ဟင်းချက်စရာ အသီးအရွက်ဖိုးလေးဖာတော့ လိုချင်တာပေါ့” လို့ ဆိုပါတယ်။
ရေစကြိုမြန်မာ့စီးပွားရေးဘဏ်အနေနဲ့ ၀န်ထမ်းလစာနဲ့ ပင်စင်လစာ ထုတ်ယူလို့မရသလို ငွေထုတ် ယူလို့ရမယ့် နေ့ရက်ကိုလည်း ထုတ်ပြန်ကြေညာ ပြောဆိုတာ မရှိဘူးလို့လည်း သိရပါတယ်။
လစာကိစ္စနဲ့ပတ်သက်လို့ ရေစကြိုမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ရုံးချိန်အတွင်း ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုသူ မရှိပါဘူး။