Home
မြန်မာသတင်း
အမေရိကန်တွင် ယာယီခိုလှုံခွင့်ဖြင့်နေထိုင်သည့် မြန်မာများ သက်တမ်းတိုးရန် အခက်တွေ့နိုင်
DVB
·
February 14, 2025
Photo-Reuters

အမေရိကန်ပြည်ထောင်စုမှာ ယာယီခိုလှုံခွင့် TPS နဲ့ နေထိုင်တဲ့ မြန်မာ  ၂,၀၀၀ ကျော်ရှိနေပြီး သက်တမ်းတိုးဖို့ အခက်အခဲ ရှိလာနိုင်တဲ့အတွက် စိုးရိမ်နေကြပါတယ်။

အမေရိကန်အစိုးရ၊ လူဝင်မှုကြီးကြပ်ရေးရဲ့ မှတ်တမ်းတွေအရ အမေရိကန်နိုင်ငံမှာ ယာယီခိုလှုံခွင့် အထောက်အထား TPS နဲ့ နေထိုင်တဲ့ မြန်မာ ၂,၃၀၀ ဝန်းကျင် ရှိနေတာပါ။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ကို ရောက်နေပြီး ပြန်ဖို့အခက်အခဲရှိတဲ့ ကျောင်းသားတွေ၊ အလုပ်ကိစ္စ ရောက်နေသူတွေနဲ့ အလည်အပတ်ရောက်နေသူတွေကို အမေရိကန်အစိုးရက ၂၀၂၁ မေ ၂၅ ရက်မှာ ယာယီနေထိုင်ခွင့် TPS တွေ ထုတ်ပေးခဲ့တာပါ။

စစ်အာဏာမသိမ်းခင်နဲ့ သိမ်းပြီးကာစ အမေရိကန်နိုင်ငံထဲကို ရောက်နှင့်ပြီးသားသူတွေကို အစိုးရက TPS လျှောက်ထားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းကာလတလျှောက်မှာ အမေရိကန်နိုင်ငံကို နည်းလမ်းစုံနဲ့ ရောက်လာပြီး တရားဝင် (ဒါမှမဟုတ်) ယာယီနေထိုင်ခွင့် အထောက်အထား မရသေးတဲ့သူတွေလည်း အရေအတွက်အားဖြင့် သောင်းဂဏန်းနီးနီး ရှိနေနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မခင်နှင်းကြည်သာက “TPS ထဲမှာဆိုရင် တော်လှန်ရေးမတိုင်ခင် ရောက်နေတဲ့သူတွေ ရှိတယ်။ နောက် တော်လှန်ရေးမှာ အမြန်ထွက်လာကြရတဲ့သူတွေ ရှိတယ်။ သူတို့တွေဆိုရင် အခုထိ အင်တာဗျူးမရသေးတဲ့သူတွေလည်း ရှိတယ်။ အင်တာဗျူးဝင်ပြီးတော့ asylum status တခုအောက်ကို ဝင်ဖို့ ကြိုးစားနေတဲ့သူတွေလည်း ရှိတယ်။ အခုလို ထရမ့်ပ် တက်လာတဲ့ အခါကျတော့ သူတို့မှာ နည်းနည်းကြန့်ကြာသွားတာတွေ ရှိတယ်။ ဒါပေမဲ့ တော်တော်များများက အလုပ်တွေလုပ်နေကြတယ်၊ တချို့ဆို စီးပွားရေး ထူထောင်ထားကြတယ်၊ ပြောရမယ်ဆိုရင် အခွန်ထမ်းနေတဲ့ ပြည်သူတွေ ဖြစ်တယ်ဆိုတော့ ဒါကတော့ သူတို့အတွက် အားသာချက်တခုဖြစ်မယ်။ ထရမ့်ပ်က ပြန်ပို့မယ် ဘာညာ ဆိုပေမဲ့ သူတို့က အခွန်ထမ်းပြည်သူတွေ ဖြစ်တဲ့အတွက် စဉ်းစားစရာအချက်တရပ် ဖြစ်မယ်လို့ ထင်တယ်။ တချို့ကျတော့လည်း ကျောင်းတက်နေကြောင်းပေါ့၊ နောက်တခုကျတော့ တော်လှန်ရေးကြောင့် ရောက်လာကြတဲ့သူတွေဆိုရင် သူတို့က လုံးဝကို ပြန်လို့မရဘူးဆိုတဲ့ အကြောင်းပြချက်က ခိုင်ခိုင်မာမာ ပြစရာရှိနေတယ်။ သူတို့မှာ status တခု မရှိနေသေးတဲ့ အတွက်ကတော့ တော်တော်ကို စိုးရိမ်ရတယ်။ တချို့ဆို မိသားစုလိုက် သားသမီးတွေ ကလေးတွေ ပါလာတဲ့အတွက် အဲဒါက တော်တော်ပြဿနာပေါ့နော်။ ခုနကပြောသလို အခွန်ထမ်းနေတာကပဲ ပြဿနာအတွက် အဖြေဖြစ်သွားမလား၊ အဲဒါါကတော့ မျှော်လင့်စရာလေးပေါ့နော်” လို့ ပြောပါတယ်။

မြန်မာတွေအတွက် ယာယီခိုလှုံခွင့် TPS ကို ၂၀၂၄ မေလမှာ ၁၈ လ သက်တမ်းထပ်တိုးပေးထားပြီး ၂၀၂၅ နိုဝင်ဘာလမှာ သက်တမ်းထပ်တိုးကြရမှာ ဖြစ်ပါတယ်။ ထရမ့်ပ် လက်ထက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေအရေးကို တင်းကျပ်နေတာကြောင့် သက်တမ်းထပ်တိုးလို့ မရဘဲ မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ထရမ့်ပ် အစိုးရ တက်လာပြီးနောက် နယ်စပ်စည်းကနေ တရားမဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပြည်နှင်ဒဏ်ပေးတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ခိုင်မာတဲ့ အထောက်အထား မရသေးတဲ့ မြန်မာတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေတာပါ။

လက်ရှိအခြေအနေအထိ ထရမ့်ပ် အစိုးရရဲ့ မူဝါဒအရတော့ ပြည်တွင်းကို တရားဝင် လမ်းကြောင်းကနေ ရောက်ရှိလာသူအားလုံး ပြဿနာမရှိသေးဘူးလို့ ချင်းတိုင်းရင်းသား နိုင်ငံရေးတက်ကြွလှုပ်ရှားသူတယောက်က မှတ်ချက်ပေးပါတယ်။

DMV Area နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆိုခယ်က “ဘယ်နိုင်ငံကနေပဲလာလာ ဒီနိုင်ငံ USA ဘယ်ပြည်နယ်ပဲဖြစ်ဖြစ် ဘယ်မြို့ပဲဖြစ်ဖြစ် ရောက်ရှိလာတယ်ဆိုရင် အဲဒီလူတွေအတွက် သူတို့ အခုပြန်ပို့မယ့် အရေးမှာ လုံးဝ အကျုံးမဝင်ဘူး။ လေယာဉ်စီးပြီးမှ ရောက်ရှိလာသူအားလုံးက စိတ်ချစွာနေထိုင်ပါ။ ဒါပေမဲ့ ကိုယ်က Green Card မရသေးဘူး၊ အဲဒီလိုဆိုရင်တော့ ကိုယ့်ရဲ့ အသွားအလာ အနေအထိုင် ဒီနိုင်ငံရဲ့ ဥပဒေဘောင်ကို မချိုးဖောက်အောင်နေနိုင်ဖို့တော့ ကျနော် အကြံပြုချင်တယ်” လို့ ပြောပါတယ်။

ယာယီခိုလှုံခွင့် TPS ရထားသူတွေဟာ ပြည်နယ်သက်သေခံကတ်ပြား (State ID) နဲ့ ယာဉ်မောင်းလိုင်စင် လျှောက်ခွင့်ရှိပြီး အလုပ်လုပ်ကိုင်ခွင့်လည်း ရှိပါတယ်။ သက်တမ်းရှိနေတုန်းမှာ ပြည်နှင်ဒဏ်ပေးတာ မခံရနိုင်ပေမဲ့ သက်တမ်းတိုးချိန်မှာ အခက်အခဲဖြစ်နိုင်ပြီး ထရမ့်ပ် အစိုးရရဲ့ မူဝါဒသဘောထားကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Learn and Share- လေ့လာဝေမျှ မှ ဦးကိုကိုလေးက “ဂျေဒီဗန့်စ်ရဲ့ ၂၀၂၅ ပရောဂျက်ဆိုတာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ စီးပွားရေးကျဆင်းရတဲ့ အကြောင်းရင်းတွေထဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် ဖြစ်တယ်ဆိုတာ အခိုင်အမာ ပြောပြီးတော့ Depotation ပြည်နှင်ဒဏ်ပေးတာတွေကို အစုလိုက်အပြုံလိုက် လုပ်မယ်လို့ ကြွေးကြော်ထားတာ ဖြစ်ပါတယ်။ ၁၈၈၀ မှာ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးတာ ၂ သန်းလောက်ကို လုပ်လိုက်တာဖြစ်ပါတယ်။ အဲဒါက အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းဖြစ်တယ်။ အဲဒီတော့ သူတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီက ဒီလိုမျိုးဖြစ်လာပြီ ဆိုရင်တော့ ဘယ်သူ့မှ ညှာမှာမဟုတ်ပါဘူး။ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်ကတော့ မသက်သာဘူးဆိုတာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက လေဆိပ်တွေမှာ အစ္စလာမ်နိုင်ငံကလူတွေ ဘယ်လိုဒုက္ခရောက်ခဲ့တယ် ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ကတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ၈ ရက်မြောက်နေ့မှာ သမ္မတဘိုင်ဒင် ရာထူးက မထွက်ခင် အနီးဆုံးအချိန်မှာ သက်တမ်းတိုးပေးခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံသား ၃ သိန်းကျော်ရဲ့ ယာယီနေထိုင်ခွင့်တွေကို ရုပ်သိမ်းခဲ့ပါတယ်။ ဒီအချက်ကြောင့် မိခင်နိုင်ငံတွေမှာ စစ်ရေး၊ နိုင်ငံရေး ပြဿနာရှိနေတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေသူတွေအကြားမှာ စိုးရိမ်စရာတွေ ဖြစ်လာခဲ့တာပါ။

ထရမ့်ပ် တက်လာပြီးနောက်မှာ လဝကနဲ့ပတ်သက်တဲ့ ရုံးလုပ်ငန်းတွေအားလုံးဟာ စိစစ်မှုတွေကြောင့် ကြန့်ကြာနေပြီး အခုအချိန်မှ နိုင်ငံရေးခိုလှုံခွင့်ခံယူဖို့ လျှောက်ထားတာမျိုး၊ တရားဝင်နေထိုင်ခွင့် လျှောက်ထားတာမျိုး လုပ်ဖို့ကလည်း အချိန်နောက်ကျနေပြီဖြစ်ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024