Home
မြန်မာသတင်း
လူ့အခွင့်ရေးချိုးဖောက်မှုကြား ထိခိုက်ခံစားနေရသည့် မြန်မာကလေးငယ်များ
DVB
·
February 13, 2025

ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာနိုင်ငံကလေးများနေ့ ဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြားမှာ ကလေးငယ်တွေ ပုံစံမျိုးစုံနဲ့ ထိခိုက်ခံစားနေရပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ပြင်းထန်လာတဲ့ ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းကြတဲ့ မိသားစုတွေနဲ့အတူ ကလေးငယ်တွေမှာလည်း စိတ်မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ ကလေးငယ်တွေအတွက်တော့ ပီတိအိမ် ဆိုတဲ့ စင်တာတခု မဲဆောက်မြို့မှာ ရှိနေပါတယ်။

Joy House လို့ခေါ်တဲ့ ပီတိအိမ် ကတော့ ကလေးငယ်တွေအတွက် လက်မှုပညာ၊ ဂီတ၊ အကနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေတဲ့ သင်တန်းတွေ ဖွင့်လှစ်ပေးနေပါတယ်။  အရွယ်စုံ ရွှေ့ပြောင်းတွေ အတွက် သင်တန်းအမျိုးမျိုး လုပ်ပေးနေတဲ့ ပီတိအိမ် ကတော့ ကလေးတွေအတွက် လွတ်လပ်ပေါ့ပါးတဲ့ အိမ်ငယ်တခုလိုပဲ ဖြစ်နေပါတယ်။ Joy House မှာ ဖွင့်လှစ်တဲ့ သင်တန်းတွေကြောင့် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်‌ရာ အခြေအနေ တိုးတက်လာပုံကို ကျောင်းတည်ထောင်သူ မနေခြည်က ပြောပြပါတယ်။

“သူတို့ ဘာကြောင့်မှန်းမသိ တောထဲမှာ ပုန်းလျှိုပြီး ထွက်ပြေးလာရတယ်။ စိတ်ပူပန်မှုတွေ စိတ်ဆင်းရဲမှုတွေ ရှိတဲ့အခါမှာ တချို့ကလေးတွေဆို စကားမပြောဘူး။ တချို့ကလေးတွေဆို ပေါင်းသင်းဆက်ဆံရေးမှာ ဝင်မဆံ့တော့ဘူး။ sharing မလုပ်တတ်တော့ဘူး၊ expression တွေမှာလည်း negative တွေရှိတယ်၊ Joy house ကလုပ်တဲ့ သင်တန်းတွေမှာ သူတို့လာတတ်တဲ့ အခါမှာဆိုရင် တီထွင်ဆန်းသစ်မှုသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ အမူအကျင့်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးတဲ့အတွက်ကြောင့် ပြောင်းလဲတိုးတက်လာတာ မြင်ရတယ်။”

ထိုင်း-မြန်မာနယ်စပ်က ကလေးငယ်တွေ စုဝေးနိုင်တဲ့ နောက်ထပ် နေရာတခု ရှိနေပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ရှိလာတဲ့ လူငယ်တွေနဲ့ ကလေးငယ်တွေအတွက် စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်ပေးပြီး ရွယ်တူတွေအချင်းချင်း တွေ့ဆုံနိုင်မယ့် “မဲဆောက်အိမ်” ဆိုတဲ့ နေရာတခု ဖြစ်ပါတယ်။

မဲဆောက်အိမ်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ ပါလာတဲ့ ကလေးငယ်တွေနဲ့ စစ်ဘေးစစ်ဒဏ်ကြားက ရွှေ့ပြောင်းရောက်ရှိလာတဲ့ ကလေးနဲ့ လူငယ်တွေအတွက် ဘောလုံးသင်တန်းတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဖွင့်ပြဖို့ ခဲယဉ်းကြတဲ့အတွက် ကလေးတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဂရုစိုက်ကြဖို့ “မဲဆောက်အိမ်” တည်ထောင်သူ ကိုထက်ခိုင်စိုးက ပြောပြပါတယ်။

“ကလေးတွေကျတော့ ဖွင့်ထွက်ချလို့ မရဘူးလေ။ ဒါတွေ သူတို့ခံစားနေရတယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သိတော့သိတယ်၊ ပြောမထွက်ဘူးပေါ့နော် အဲဒီအခက်အခဲတွေရှိကြတော့၊ အပြင်ဆိုလည်း သိပ်မသွားရဘူး။ ကျောင်းရှိရင် ကျောင်းသွားရတယ်၊ အိမ်ပြန်လာတယ်၊ အိမ်မှာလည်း အသံကျယ်ကျယ် စကားပြောလို့မရဘူး။ ကျယ်ကျယ်လောင်လောင် ဆော့လို့မရဘူး။ အဲဒါမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ Mental က တစုံတရာ ထိခိုက်ထားတာရှိတယ်။”

တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နောက်မျိုးဆက်တွေဟာ အရေးကြီးတာကြောင့် ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုဂရုစိုက် အလေးပေးသင့်တယ်လို့ ကိုထက်ခိုင်စိုးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ စစ်အာဏာသိမ်းမှုကြောင့် ပြောင်းရွှေ့လာသူတွေရှိသလို အရင်ကတည်းက ရွှေ့ပြောင်းလာတဲ့ မိသားစုတွေလည်း ရှိနေပါတယ်။ မဲဆောက်မြို့အစွန် ကိုးအိမ်တန်းလို့ခေါ်တဲ့ နေရာလေးက ကျောင်းမနေနိုင်တဲ့ ကလေးတွေအတွက် ကိုယ်ထူကိုယ်ထ ကျောင်းပြင်ပ  ပညာရေးကို သင်ကြားပေးနေတဲ့ “ငါတို့စာသင်ကျောင်း” လို့ခေါ်တဲ့ ကျောင်းလေးကို ဖွင့်လှစ်ထားပါတယ်။ အဲဒီကျောင်းလေးမှာ ကျောင်းမနေနိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေက ကလေးငယ် အယောက် ၉၀ ကို အခြေခံ စာရေးစာဖတ်နဲ့ ပန်းချီ၊ ဂီတ စတဲ့ ကျောင်းပြင်ပ ပညာရေးတွေကို သင်ကြားပေးနေပါတယ်။ ဒီကျောင်းကိုတော့ ကလေးသူငယ်အခွင့်အရေး လှုပ်ရှားတဲ့ နော်ဖရိုက်ဒေးက တည်ထောင်ထားတာ ဖြစ်ပါတယ်။

ငါတို့စာသင်ကျောင်း တည်ထောင်သူ နော်ဖရိုက်ဒေးက “သူတို့ဆီမှာ ငါတို့လည်း တက်ချင်လိုက်တာ။ ငါတို့လည်း ယူနီဖောင်းလေးတွေ ဝတ်ချင်လိုက်တာ၊ စာသင်ခန်းထဲမှာ စာသင်ချင်လိုက်တာဆိုတဲ့ အငုံ့စိတ်ကလေးတွေ ရှိကြတယ်။ ဒါပေမဲ့ ငါတို့နဲ့ မသက်ဆိုင်ပါဘူးလေ၊ ဒါ ငါတို့ရဲ့ဘဝနဲ့ လားလားမှမဆိုင်ဘူးဆိုပြီး ဖြစ်ကြတယ်။ သူတို့ရဲ့ အခွင့်အရေးကို သူတို့မသိဘူး၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအရ ဒီအငုံ့စိတ်က‌လေးတွေက ကိုယ်တိုင်မသိပေမဲ့ သူတို့ရဲ့ မျက်လုံးထဲမှာ သူတို့ရဲ့ ရင်ဘတ်ထဲမှာ အောင်း‌နေတာပေါ့နော်၊ အဲလိုမျိုး အခြေအနေလေးတွေ ရှိကြတယ်” လို့ ပြောပါတယ်။

ဘယ်လူတန်းစားအလွှာက မွေးဖွားလာတဲ့ ကလေးဖြစ်ပါစေ၊ သူတို့အခွင့်အရေး သူတို့ ဖန်တီး ကာကွယ်တတ်တဲ့ ကလေးတွေဖြစ်ဖို့ ပျိုးထောင်ပေးသင့်တယ်လို့လည်း နော်ဖရိုက်ဒေးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကြတာတွေ ရှိသလို ပစ်ခတ်မှုနဲ့ အကြမ်းဖက်မှုတွေ ကြားမှာလည်း သေဆုံးမှုတွေ ရှိနေပါတယ်။ ကလေးတွေရဲ့ အနာဂတ်ကောင်းမွန်ဖို့ အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လေယာဉ်သံကြီးကြားလို့ အရင်တုန်းက ပျော်ရွှင်ပြီး မြူးထူးတဲ့ ကလေးတယောက်က အခု လေယာဉ်သံကြားရင် နေစရာမရှိလောက်အောင် တုန်လှုပ်ချောက်ချားနေတဲ့ ဘဝတွေကို ရင်ဆိုင်နေရတယ်။ စစ်အုပ်စုက လက်ရှိ ကလေးသူငယ်တွေအပေါ်မှာ အကြမ်းဖက်ရုံတင်မကဘဲ အနာဂတ်ကိုပါ ဖျက်ဆီးတာ။ အဓိပ္ပာယ်ပြည့်စုံတဲ့ အနာဂတ် ပြန်လည်ဖြစ်ဖို့ အကြမ်းဖက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့လိုတယ်။ လှပကောင်းမွန်တဲ့ အနာဂတ်တွေအတွက် အခုထဲက ဝိုင်းဝန်းပြီး ဖန်တီးပေးဖို့ ကျနော်တို့အားလုံးမှာ တာဝန်ရှိတယ်။”

တိုက်ပွဲတွေအတွင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်အာဏာသိမ်းစကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ကလေးငယ် ၇၁၉ ယောက် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က‌ ကလေးငယ် ၅၉၅ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၄ ဒသမ ၉ သန်းမှာ ၁၈ ဒသမ ၆ သန်းဟာ အကူအညီလိုအပ်နေပြီး အဲဒီအထဲက ၆ သန်းဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကလေးငယ် ၅၅ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံစားနေကြရပြီး ကလေးငယ် ၅ သန်းနီးပါးဟာလည်း ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ စာရင်းတွေအရ သိရပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024