လက်နက်ကိုင် ပဋိပက္ခတွေဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားနေခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထန်းတောရပ်ကွက်မှာ ထွက်ပေါ်လာတဲ့ သေနတ်သံကို ဒေသခံတွေက အမှုမဲ့ အမှတ်မဲ့ ရှိနေခဲ့ပါတယ်။
တကယ်တော့ ဒီသေနတ်သံဟာ တိုက်ပွဲဖြစ်ပွားရာ ဒါမှမဟုတ် တော်လှန်ရေးအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တွေ တဖက်နဲ့တဖက် ချောင်းမြောင်းတိုက်ခိုက်တာကနေ ထွက်ပေါ်လာတာ မဟုတ်ခဲ့ပါဘူး။
ကိုယ်ဝန် ၈ လ လွယ်ထားတဲ့ အသက် ၂၅ နှစ်အရွယ် မအေးငြိမ်းသူဟာ ဒီသေနတ်သံနဲ့အတူ ကြွေလွင့်သွားခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့မှာ ဒီကိုယ်ဝန်ကို မွေးဖွားရမယ်လို့ ရက်သတ်မှတ်ထားပေမဲ့လည်း လူမမယ် ကလေးငယ်တယောက်ဟာ လူ့လောကထဲကို ခေါ်ဆောင်ခြင်း မခံရတော့ပါဘူး။
လက်နက်ကိုင် ၇ ဦးဟာ ထန်းတောရပ်ကွက်က မအေးငြိမ်းသူဆီကို စစ်ဆေးစရာရှိလို့ဆိုကာ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပြင် iPhone 13 Pro တလုံးနဲ့ ဆိုင်ကယ်တစီးကို လုယက်သွားခဲ့ပါတယ်။ဒေသခံတွေဟာ အံ့ဩတကြီး ဖြစ်ရုံကလွဲလို့ ဘာမှ ပြန်တုံ့ပြန်နိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
အဲဒီ ည ၁၂ နာရီလောက်မှာပဲ ကျူးလွန်သူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တဖွဲ့ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးမိထားတယ်လို့ ဩဂုတ်လ ၁၁ ရက် မနက် ၉ နာရီလောက်မှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ ဗီဒီယိုထုတ်လွှင့် အသိပေးခဲ့ပါတယ်။
ဒီလို ရက်ရက်စက်စက် အသတ်ခံခဲ့ရပေမဲ့လည်း တနှစ်ကြာတဲ့အထိ မိထားတဲ့ ကျူးလွန်သူတွေကို ဘယ်လိုအရေးယူထားသလဲဆိုတာ တရားဝင်ထုတ်ပြန်ချက်မျိုး မတွေ့ရသေးပါဘူး။
မိသားစုနဲ့ နီးစပ်သူတဦးက “တရားခံဘယ်သူလဲ မိထားပြီးပြီပဲ။ ဥပဒေအရ ဆက်လုပ်စေချင်တယ်။ အခုထိတော့ မေ့လို့မရသေးပါဘူး” လို့သာ မှတ်ချက်ပြုရှာပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ နိုင်ငံအနှံ့ ပျံ့နှံ့နေတဲ့ ကာလတွေအတွင်း လက်နက်ကိုင် အင်အားစုတွေရဲ့ တာဝန်ခံမှု ကင်းမဲ့တာတွေကနေ တရားမျှတမှုဟာ တဖြည်းဖြည်း ဆိတ်သုဉ်းလာပါတော့တယ်။
စစ်ကိုင်းတိုင်းက လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ မအေးငြိမ်းသူ တယောက်တည်း ကံဆိုးမိုးမှောင်ကျခဲ့တာတော့လည်း မဟုတ်ပြန်ပါဘူး။
၂၀၂၄ ဇူလိုင် ၈ ရက်နေ့မှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြင့်မြတ်ဦးဟာ ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရပါတယ်။
ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာအပြင်ဘက် သုသာန်ကနေ ရွာထဲကို ဝင်လာတဲ့လမ်းမှာ လည်ပင်းလှီးပြီး သတ်ဖြတ်ခံခဲ့ရတာပါ။
သူဟာ ည ၉ နာရီကျော်နဲ့ ည ၁၁ နာရီကြားလောက်က ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာ အပြင်ဘက်ရှိ သုသာန်ကနေ ရွာထဲပြန်ဝင်လာတဲ့လမ်းမှာ လည်ပင်းလှီး သတ်ဖြတ်ခံလိုက်ရတာပါ။
ဒီအမှုနဲ့ပတ်သက်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ မြို့နယ်တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ကျေးရွာ ပအဖအဖွဲ့က စိုင်နိုင်ကြီးရွာသား ၃ ဦးပါ အဖွဲ့ကို ဇူလိုင်လ ၁၀ ရက် နေ့လယ်မှာ သံသယရှိသူတွေအဖြစ် ပထမအကြိမ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
အဲဒီထဲက အသက် ၄၁ နှစ်အရွယ် ဦးဇော်ဝင်းကတော့ ဇူလိုင်လ ၁၃ ရက် ည ၉ နာရီလောက်မှာ ရိုက်နှက်ခံဒဏ်ရာတွေနဲ့ သေဆုံးလျက် အိမ်ပြန်အပို့ခံရပါတယ်။ ဒါပေမဲ့ ရပ်ကျေးပအဖတွေနဲ့ ပါလာတဲ့ ဆရာဝန်တွေကတော့ သေဆုံးသူကို အသည်းရောင်အသားဝါ B ပိုးနဲ့ သေဆုံးတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်နဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ တွေ့ဆုံခဲ့တဲ့ပွဲမှာလည်း ဒီသေဆုံးသူမှာ အသည်းရောဂါနဲ့သာ သေဆုံးခဲ့တယ် ထပ်မံပြောဆိုခဲ့ပါတယ်။
ဒီဖြစ်စဉ်အပြီး ရက် ၂၀ လောက်အကြာ ဩဂုတ်လဆန်းမှာပဲ ဗကသများအဖွဲ့ချုပ်ဝင် မြင့်မြတ်ဦးကို လုပ်ကြံသတ်ဖြတ်တဲ့ အဓိကတရားခံဖြစ်သူကို ရပ်ကျေးပအဖ တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံရတဲ့အပြင် ရိုက်နှက်နှိပ်စက်ခံရလို့ သေဆုံးသွားတဲ့ ဦးဇော်ဝင်းဟာ တရားခံ မဟုတ်ခဲ့ပါဘူး။
ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက “နောက်ဆက်တွဲအနေနဲ့ တရားခံလို့ သေချာတဲ့ တဦးတော့ မိထားပါတယ်။ ဝန်ကြီးဌာနဘက်ကတော့ အစည်းအဝေးပြန်လုပ်ဖို့ ညှိနေပါတယ်။ အဖမ်းခံထားရတဲ့သူက အဓိက လက်လွန်ပြီးတော့ပဲ ဆုံးတယ်လို့ ကြားရပါတယ်။ အခင်းဖြစ်တဲ့ညက သူ့အိမ်မှာရှိနေတဲ့ အလီဘိုင် ကောင်းကောင်းရှိနေပါတယ်”
မြင့်မြတ်ဦး မသေဆုံးခင်ကာလမှ ပကဖတွေနဲ့ ဗကသတွေကြားမှာ သိသာတဲ့ ငြင်းခုံပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်ခံ ဝက်လက်မြို့နယ် ကာကွယ်ရေးအဖွဲ့တွေဟာ စိုင်နိုင်ကြီးရွာမှာပဲ ၂၀၂၄ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်တွေပါဝင်တဲ့ ဆန္ဒပြသပိတ်ကို အသံမိုင်းခွဲပြီး လူစုခွဲဖူးပါတယ်။
အဲဒီအပြင် ဇွန်လထဲမှာတော့ ဝက်လက်မြို့နယ် ကျောက်တိုင်ရွာမှာ ဗကသရဲဘော်တဦးကို ရပ်ကျေး ပကဖ အဖွဲ့တွေက အိမ်အထိ လာဝိုင်းခဲ့ကာ သေနတ်နဲ့ထောက်ခေါ်ယူ စစ်ဆေးခဲ့တာတွေ ပြုလုပ်ခဲ့ဖူးပါသေးတယ်။
တရားမဲ့ ဖမ်းဆီးစစ်ဆေးမှု၊ လုပ်ကြံသတ်ဖြတ်မှုတွေဟာ ပဋိပက္ခနယ်မြေတွေမှာ စိုးရိမ်စရာ ကောင်းနေတဲ့ အခြေအနေတွေကို ရောက်ရှိနေပါတယ်။
ဒီလိုလုပ်ရပ်တွေကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ပေါ်ပေါက်လာတာကြောင့် ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြ ပူပန်မှုတွေကလည်း မြင့်တက်လာခဲ့ပါတော့တယ်။
လတ်တလောမှာတော့ မတရားဖမ်းဆီး စွပ်စွဲမှုတွေကြားမှာ အမျိုးသားတဦးကတော့ သူ့မိသားစုကို ပဋိပက္ခတောထဲမှာ ချန်ထားခဲ့ရပါပြီ။
အကြမ်းဖက်မှုတွေ၊ တရားလက်လွတ် ဆုံးဖြတ်မှုတွေဟာ စစ်ကိုင်းတိုင်းတခုတည်းမှာ မဟုတ်ပါဘူး။ ရှမ်းကုန်းမြေမြင့်ကနေ ကချင်ပြည်နယ် တောင်တန်းတွေအထိလည်း ထိုနည်းနှင်နှင်ပါပဲ။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း MNDAA ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက ကောင်းခါးဒေသနေ အသက် ၃၀ ကျော်အရွယ်ရှိ ဦးဇော်ဆိုင်း (Zau Seng) ကို ၂၀၂၄ ဧပြီလထဲမှာ MNDAA တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ပြီး အလောင်းဖျောက်ထားမှု ဖြစ်ပေါ်ခဲ့ပါတယ်။
သူဟာ ကလေး ၂ ဦး အဖေဖြစ်သလို စိတ်ရောဂါ ခံစားနေရသူတဦးဖြစ်ပြီး MNDAA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးစစ်ဆေးနေချိန် သေဆုံးသွားတာဖြစ်ပေမဲ့ မိသားစုဝင်တွေကို တရားဝင် ရှင်းပြ တောင်းပန်တာမျိုး မရှိခဲ့ပါဘူး။
၂၀၂၄ ဖေဖော်ဝါရီလထဲမှာပဲ မူဆယ်မြို့၊ ၁၀၅ မိုင်က ဒေသနေ အမျိုးသားတစုကို ပစ္စတိုသေနတ်ရှိတယ်လို့ စွပ်စွဲကာ ဖမ်းဆီးရိုက်နှက်ခဲ့ရာမှာ အဲဒီထဲက အမျိုးသားတဦးဟာ နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးရိုက်နှက် စစ်ဆေးခံခဲ့ရပြီး လက်ချောင်းကျိုးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒေသခံတဦးက “တယောက်က တကိုယ်လုံးမှာ ဒဏ်ရာပိုများတယ်။ လက်ချောင်းလေးတွေလည်း ၃ ချောင်းလောက် ကျိုးသွားတယ်။ အလုပ်လာလုပ်တဲ့သူတွေ အကုန်လုံးဆို ၁၀ ယောက်ကို သူတို့ တပ်ထဲခေါ်သွားပြီး ရိုက်တာ။ သေနတ်ကိုင်တယ်ဆိုပြီး။ သေနတ်တော့ မတွေ့ကြဘူး” လို့ ပြောပြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စိုးမိုးနယ်မြေ ချီဖွေမြို့နယ်၊ ဖရဲဒေသမှာ အရပ်သား အယောက် ၅၀ လောက်ကို ၂၀၂၄ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ KIA တပ်ဖွဲ့ဝင်တွေက တရားလက်လွတ် ဖမ်းဆီးခဲ့ပါတယ်။
မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြဖို့ ကြိုးစားနေတဲ့ ဒေသခံတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖရဲဒေသခံတဦးက “ဒီဘက်က ချောင်း ၂ ခုနဲ့ တောင်ယာတွေမှာ KIA တပ်မဟာ ၇ နဲ့ ‘ဝ’ ကုမ္ပဏီတွေ မြေရှားလာစမ်းပြီး တူးကြတာ။ ကျနော်တို့ ဆန္ဒပြမလို့ လူစုနေတုန်း ဘေးဘက်ကို မိုင်းနဲ့ပစ်လိုက်တာ။ အစစင်သွားတဲ့သူတွေရော အဖမ်းခံလိုက်ရသူတွေရော အများကြီး” လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်အပြီးမှာတော့ ၂၀၂၃ မေလကတည်းက ရပ်နားထားခဲ့တဲ့ မိုးမောက်မြို့နယ်၊ စိန်လုံတောင်ကြောက ဒေသခံတွေရဲ့ စိုက်ပျိုးရေးခြံတွေမှာ မြေရှားသတတ္တုတူးဖော်ရေး လုပ်ငန်းတွေကို KIA နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ထင်ထင်ပေါ်ပေါ်ကြီးကို လုပ်ကိုင်နေခဲ့ပါတယ်။
သတ်ဖြတ်ခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေလိုပဲ တော်လှန်ရေးဘက်တော်သားတွေရဲ့ မထင်မရှား တရားလက်လွတ် ပြုမူမှုတွေဟာ အများအပြား ရှိခဲ့ပါသေးတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့က ဒေသခံတဦးက သူတို့ရဲ့အိမ်တွေကို တော်လှန်ရေးတပ်ဖွဲ့အချို့က ဖျက်ဆီးခဲ့တယ်လို့ ပြန်ပြောင်းပြောပြပါတယ်။
“အဝတ်အစားဗီရိုတွေက မှန်တွေလည်း ရိုက်ခွဲသွားကြတာ၊ သူတို့ ပိုက်ဆံရှာကြတယ် ထင်ပါတယ်။ အိမ်မှာရှိတဲ့ ကျွန်းထိုင်ခုံ ပရိဘောဂတွေကိုလည်း ရိုက်ချိုးပြီး မီးလှုံသွားကြတာဗျာ”
တော်လှန်ရေးရဲဘော်အချို့ဟာ သူတို့နေအိမ်ကို စိတ်တိုင်းကျ မွှေနှောက်ပြီး ကုန်စုံဆိုင်ထဲက ဘီယာဘူးတွေ ပြန့်ကျဲနေအောင် သောက်သွားတဲ့အပြင် ဖျက်ဆီးသွားတဲ့ အခြေအနေကို ပြန်ပြောင်းပြောပြနေခဲ့တာပါ။
ဒေသခံပြည်သူတွေဟာ သူတို့အိမ်တံခါးတွေကို မငြိုမငြင် ဖွင့်ပေးခဲ့တာမို့လို့ ဖျက်ဆီးဖို့တော့ မသင့်ဘူးလို့ ဆိုပါတယ်။
“အိမ်ရှေ့မှာ ကိုယ့်ရဲဘော်တွေ သေနတ်ထမ်းလာတာမြင်တော့ အတော်အားရှိသွားတယ်။ တချို့အိမ်တွေဆိုရင် တံခါးတွေကို ဒီအတိုင်းဖွင့်ပေးခဲ့တာ၊ သူတို့တွေ လိုတာယူသုံးနိုင်အောင်လို့ပေါ့” လို့ သူက ဆိုပါသေးတယ်။
နားနတ်တော၊ ထင်းခါးနရာ၊ နောင်ရာ က၊ ခ၊ တောဦးခို၊ ပိုးဇာခြံ၊ မိုင်းလုံ၊ ဓမ္မာရုံ၊ စျေးပိုင်း အစရှိတဲ့ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တွေမှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေစဥ် ကာလအတောအတွင်း တာဝန်ကျ တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။ဒါပေမဲ့လည်း ဒီအဖြစ်အပျက်တွေကို တိုင်ကြားဖို့တော့ မဝံ့ရဲခဲ့ဘူးလို့ ဆိုပါတယ်။
ဒီဖျက်ဆီးမှုတွေဟာ အာဏာသိမ်းစစ်တပ်က ဖျက်ဆီးမှုနဲ့ နှိုင်းယှဉ်ရင်တော့ ပြောပလောက်အောင် ကြီးကျယ်တဲ့ဖြစ်ရပ်တွေ မဟုတ်ခဲ့ပေမဲ့လည်း ပြည်သူရဲ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်မယ်လို့ ကျိန်ဆိုထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကတိကဝတ်ကိုတော့ ချိုးဖောက်ရာကျနေပါတယ်။
စစ်ကိုင်းတိုင်းမှသည် ကရင်နီအထိ လက်နက်ကိုင်ပဋိပက္ခ အတိပြီးနေတဲ့ နယ်မြေတွေက သူတလူ ငါတမင်း တောတွင်းဥပဒေနဲ့ ကြီးနိုင်ငယ်ညှဉ်း ကိစ္စရပ်တွေ အမြဲဖြစ်ပွားနေပါတယ်။
၂၀၂၁ ဖေဖော်ဝါရီကနေ ခုချိန်ထိ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အာဏာသိမ်း စစ်တပ်တွေနဲ့ သူ့ရဲ့လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့လို တပ်ဖွဲ့တွေက ကျူးလွန်နေတဲ့ ကိစ္စရပ်တွေနဲ့ယှဉ်ရင် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုဟာ အင်မတန် နည်းပါးသေးတယ်လို့ ဆိုနိုင်ပေမဲ့ တစထက်တစတော့ များပြားလာပါတယ်။
ကျူးလွန်သူတွေ အရေးယူမခံရခြင်း ဒါမှမဟုတ် ကျူးလွန်သူတွေကို မျက်ကွယ်ပြုပေးထားခြင်းတွေဟာ ဒီဖြစ်ရပ်တွေကို လျော့ပါးစေမှာမဟုတ်ဘဲ တိုးပွားစေမယ်လို့ လူ့အခွင့်အရေး သုတေသီတွေက ဆိုပါတယ်။
လူပေါင်း ဒါဇင်နဲ့ချီပြီး သတ်ဖြတ်ခဲ့လို့ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့ ဗိုလ်သံမဏိရဲ့ အမှု၊ တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဗိုလ်ကျားကြီးလို အမှုကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့က သက်ငယ်မုဒိမ်းမှုအထိ တရားခံတွေဟာ အရေးယူခံရတယ်လို့ မရှိသလိုပါပဲ။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နေတာ၊ အရေးယူနေတာဟာ တော်လှန်ရေးကို ထိခိုက်စေဖို့ မဟုတ်ဘဲ မျက်ကွယ်ပြုထားနေတာကသာ ဒေသတွင်း အာဏာရှင်တွေ၊ သူတလူ၊ ငါတမင်း အုပ်ချုပ်ခြင်းတွေ တိုးပွားစေမယ်လို့ လူ့အခွင့်အရေး လေ့လာသူတွေက ထောက်ပြနေပါတယ်။
လက်တွေ့ကျ မြန်ဆန်ပြီး ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ဆုံးဖြတ်မှုတွေကို မပြသနိုင်ဘဲ “တော်လှန်ရေး” အကြောင်းပြ ရေငုံနှုတ်ပိတ် နှုတ်ဆိတ်နေခြင်းဟာ ပဋိပက္ခနယ်မြေက အရပ်သားတွေအတွက် အားကိုးရာမဲ့ ဖြစ်စေရုံသာ ရှိနေစေပါမယ်။
မုံရွာ၊ ဝက်လက်၊ လွိုင်ကော်မှသည် ကွတ်ခိုင်၊ မူဆယ်အထိ ဖြစ်ရပ်တွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြေစာပင်ဖြစ်နေတဲ့ အရပ်သားတွေရဲ့ အခြေအနေကို ထင်ဟပ်နေစေပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတိုင်း အနေနဲ့ လက်လှမ်းမီသမျှ ကြိုးစားပြီး တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ဖို့ တာဝန်ရှိနေပါတယ်။
မအေးငြိမ်းသူနဲ့ မြင့်မြတ်ဦးတို့လို ဇာတ်လမ်းတွေက ပဋိပက္ခတွေကြားမှာ ပြည်သူတွေ ရှင်သန်နေရတဲ့ အခက်အခဲတွေကို သိသိသာသာ ထင်ဟပ်စေပါတယ်။
ဒါပေမဲ့လည်း လောလောဆယ်တော့ အဖြေမရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် ဘယ်သူက သယ်ဆောင်လာမယ် မရေရာတဲ့ တရားမျှတမှုကို စောင့်မျှော်နေကြရပါတယ်။