Home
မြန်မာသတင်း
ပုသိမ်တွင် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ မထောင်သဖြင့် ဒေသခံအချို့ ဖမ်းဆီးခံရ
DVB
·
February 13, 2025
Photo: Local

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ က နေအိမ်တွေမှာ နိုင်ငံတော်အလံ မထောင်တာကြောင့်ဆိုပြီး စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက  ဒေသခံတချို့ကို  ဖမ်းဆီးထားတယ်လို့ အဖမ်းခံသူတွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ မနက် ၄ နာရီမတိုင်မီ တရက်တာ နိုင်ငံတော်အလံထောင်ဖို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ကြိုတင်အကြောင်းကြားခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် အလံမထောင်တဲ့ အိမ်တွေက အရပ်သားတွေကို စစ်ကောင်စီတပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မနေ့ညနေပိုင်းမှာ လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အမှတ် ၁၂ ရပ်ကွက် ဒေသခံတယောက်က “ရပ်ကွက်တွေအလိုက် ပြည်ထောင်စုနေ့မှာ အလံထောင်ရမယ်ဆိုပြီး ခိုင်းတာ။ သူတို့ (အုပ်ချုပ်ရေးမှူး) တွေက နိုင်ငံတော်အလံ ထောင်ခိုင်းတာ။ အလံမထောင်လို့ဆိုပြီး မနေ့က ဖမ်းခေါ်သွားတာ၊ ရပ်ကွက်ရုံးကိုရောက်တော့ စစ်သားတွေက ဘာလို့ အလံမထောင်လဲ စစ်မေးတာ” လို့ ပြောပါတယ်။

ပုသိမ်မှာ အမှတ် ၁၂ ရပ်ကွက် အပါအဝင် ရပ်ကွက်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်က အလံထောင်ခိုင်းတာဖြစ်ပြီး အလံမထောင်မိတဲ့ ရပ်ကွက်တွေက တအိမ်တယောက် အရပ်သား အယောက် ၃၀ လောက်ကို ဖမ်းခေါ်ခဲ့ပြီး ညပိုင်းမှာ ၁၁ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်သူတွေကို ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “အလံမထောင်တာက နိုင်ငံတော်ကို ဆန့်ကျင်တာပေါ့ဆိုပြီး ဖမ်းခေါ်စစ်တုန်းက ပြောတာ။ ခင်ဗျားတို့က PDF လား၊ ဘာလဲမေးတာ၊ အဖမ်းခံရသူတွေက ဘာမှမပြောဘူး။ မနေ့က အဖမ်းခံသူတွေထဲက တချို့ပဲ ပြန်လွတ်သေးတာ” လို့ ပြောပါတယ်။

အဲဒီ အလံမထောင်လို့ ဖမ်းခေါ်သွားတဲ့အထဲက ပြန်လွတ်လာသူတချို့ဟာ အုပ်ချုပ်အဖွဲ့နဲ့ ပတ်သက်သူတွေ၊ မိသားစုဆွေမျိုးနီးစပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုသိမ်မှာ စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရအဖွဲ့က လုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားအတွက် အမှတ် ၁၂ ရပ်ကွက် အပါအဝင် ရပ်ကွက်အလိုက် တအိမ်တယောက် မလိုက်မနေရ၊ မလိုက်ရင် တအိမ် ဘိလပ်မြေတအိတ် ပေးရမယ်လို့ ခြိမ်းခြောက်ကာ အတင်း ဖိအားပေး ခေါ်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013