Home
မြန်မာသတင်း
ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့သည့် နဝဒေးရုပ်ရှင်ရုံ ပြန်ဖွင့်
DVB
·
February 13, 2025

ကိုဗစ်-၁၉ ရောဂါကပ်ဘေး စတင်ဖြစ်ပွားချိန်ကစပြီး ပိတ်ထားခဲ့ရတဲ့ ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံကို ပြန်လည်ဖွင့်လိုက်ပြီလို့  မြို့ခံတွေထံက သိရပါတယ်။

ကိုဗစ်ကာလနဲ့ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်း ပိတ်သိမ်းခဲ့ရတဲ့ ရုပ်ရှင်ရုံတွေထဲက တခုဖြစ်တဲ့ နဝဒေးရုပ်ရှင်ရုံကို အခုလထဲမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီး လက်ရှိမှာ သူရဲကား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို တင်ထားတာ တွေ့ရကာ လူအဝင်အထွက် များများစားစား မတွေ့ရသေးဘူးလို့ နေ့စဉ်ဖြတ်သန်းသွားလာနေသူတွေက ပြောပါတယ်။

ရန်ကုန်မြို့ခံတယောက်က “ဒီလထဲမှာပဲ ပြန်ဖွင့်ထားတာ။ အာဏာသိမ်းပြီးနောက်ပိုင်း လုံးဝမဖွင့်တော့ အပြီးပိတ်လိုက်တာလားလို့တော့ ထင်ခဲ့သေးတယ်။ အခု ပြန်ဖွင့်ထားတာ တွေ့ရတယ်။ အပြင်အဆင်ကတော့ အရင်လိုပါပဲ။ ရုံထဲမှာ ဘယ်လိုရှိမလဲ ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေ ပုံမှန်ဖြစ်နေတဲ့ ပုံရိပ်ကို နိုင်ငံတကာကို ပြသနိုင်ဖို့အတွက် လုပ်ဆောင်တဲ့အထဲမှာ ပွဲလမ်းသဘင်တွေအပြင် ကိုဗစ်ကာလထဲက ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေကို ဖိအားပေးပြီး ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်မြို့မှာရှိတဲ့ နာမည်ကြီးရုပ်ရှင်ရုံတွေထဲက တခုဖြစ်တဲ့ နဝဒေးရုပ်ရှင်ရုံကတော့ ၄ နှစ်လောက် လုံးဝဖွင့်လှစ်တာမျိုး မရှိခဲ့ပါဘူး။

နဝဒေးရုပ်ရှင်ရုံဘေးမှာရှိတဲ့ ဆောက်လုပ်ရေးဌာန ဝန်ထမ်းတယောက်က “ဖွင့်ထားတာ ဟုတ်တယ်။ ကျနော်လည်း ဖွင့်ထားတာကို သိတာ ရက်ပိုင်းပဲရှိသေးတယ်။ လူတော့ သိပ်မဝင်သေးဘူး။ အဲဒီရုပ်ရှင်ရုံက အရင်ကဆို အတွဲတွေ အများဆုံးလာတဲ့ ရုပ်ရှင်ရုံ။ ပိတ်ရက်တွေမှာ လာကြည့်တဲ့သူများလို့ ရုပ်ရှင်ပြီးချိန်တွေဆို နဝဒေးမှတ်တိုင်မှာ လိုင်းကားတွေက လူစောင့်တင်နေကျနေရာ” လို့ ပြောပါတယ်။

နဝဒေးရုပ်ရှင်ရုံဟာ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ တည်ရှိပြီး အဆိုပါရုပ်ရှင်ရုံ ပြန်လည်မဖွင့်လှစ်ခင်က လမ်းဝမှတ်တိုင်နဲ့ မျက်နှာချင်းဆိုင်က ဈေးဆိုင်တွေ အားလုံးကို စည်ပင်အပိုင်ဆိုပြီး ဖျက်သိမ်းခိုင်းခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013