Home
မြန်မာသတင်း
ရွှေသောင်ယံရှိ စာသင်ကျောင်းများကို စစ်ကောင်စီက ဖိအားပေးပြန်ဖွင့်ခိုင်း
DVB
·
February 8, 2025
Photo-MV

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ပေါ်မှာ စစ်ရေးအခြေအနေကြောင့် ပိတ်ထားတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီက ဖိအားပေးဖွင့်ခိုင်းပြီး ကျောင်းပြန်တက်ခိုင်းနေတယ်လို့ ပညာရေးအသိုက်အဝန်းနဲ့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ရွှေသောင်ယံမြို့အနီး ဘောမိ၊ မကျီးဇင်၊ ချောင်းဖျား စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွှေသောင်ယံမြို့မှာရှိတဲ့ အခြေခံပညာကျောင်းတွေဟာ ဇန်နဝါရီ ဒုတိယအပတ်လောက်ကစတင်ပြီး စစ်ရေးအခြေအနေကြောင့် ကျောင်းတက်ရောက်သူမရှိဘဲ ပိတ်သွားခဲ့ရတာလို့ ဆိုပါတယ်။

ဒေသခံ ကျောင်းသားမိဘတယောက်က “၂၀၂၅ ခုနှစ် အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်နေတယ်။ စစ်ဘေးရှောင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စစ်ကောင်စီခန့် ဆရာ၊ ဆရာမတွေက ကျောင်းတက်ဖို့၊ စာမေးပွဲ လာရောက်ဖြေဆိုဖို့ ဖိအားပေး ခေါ်နေတာ” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် သဘောကန်နဲ့ မကျီးဇင်ဘက်က အထက်တန်းကျောင်းတွေ အပါအဝင် ကျောင်းအများစု တက်ရောက်သူမရှိလို့ ပိတ်ခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး ကျောင်းတက်ဖို့ ဖိအားပေး ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ရွှေသောင်ယံမြို့ခံ ဆရာမတယောက်က “မိဘတွေက စိုးရိမ်စိတ်နဲ့ ကျောင်းမပို့ကြတာလို့ ထင်ပါတယ်။ ဆရာ၊ ဆရာမတွေဘက်ကလည်း ဝန်ထမ်းဆိုတော့ ကြောက်လို့ ခိုင်းတဲ့အတိုင်း လုပ်ရတာ။ ကျောင်းပြန်တက်ဖို့ အချိန်ကန့်သတ်ပေးထားတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပိတ်ထားတဲ့ကျောင်းတွေ ပြန်ဖွင့်ဖို့နဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ဖို့ ဖေဖော်ဝါရီ ၁ ရက်က စတင် ဖိအားပေးခိုင်းခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၇ ရက်အထိ ကျောင်းတက်ရောက်သူ အလွန်နည်းပါးနေတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။

ရွှေသောင်ယံမြို့ခံတွေ အများစုဟာ မကျီးဇင်နဲ့ ဘောမိ၊ ချောင်းဖျားဘက်မှာ တိုက်ပွဲဖြစ်ပွားချိန် ဇန်နဝါရီလက မြို့ကိုစွန့်ခွာပြီး ပထမဆုံးကြိမ် စစ်ရှောင်ခဲ့ကြပြီး လက်ရှိ ဖေဖော်ဝါရီလထဲမှာလည်း လက်နက်ကြီးသံတွေ ပြန်လည်ကြားလာရတဲ့အတွက် မြို့ခံတွေ ဒုတိယအကြိမ် စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013