Home
မြန်မာသတင်း
ထိုင်းတွင် ပွဲစားက တောထဲပစ်ထားခံရသူ ၆၀ ခန့်  အစာရေစာ ငတ်ပြတ် 
DVB
·
February 13, 2025

ထိုင်းမြောက်ပိုင်း၊ ဖစ်ချဘွန်းခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင်လာရောက်သူ အယောက် ၆၀ နီးပါး ပွဲစားက တောထဲလာပစ်ထားလို့ အစာရေစာငတ်ပြတ်ပြီး ရွာထဲ လာရောက် တောင်းစားစဉ် အဖမ်းခံလိုက်ရတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၁၀ ရက် ညက၊ ခေါဝ်ခေါ့မြို့နယ်၊ လိမ့်ဆီမုန့်ရွာအစွန်ရှိ တောအုပ်ထဲမှာ လူတစု ရောက်ရှိ ပုန်းအောင်းနေကြောင်း ရွာသားတွေက အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေနဲ့ အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့  ခေါဝ်ခေါ့မြို့နယ် ရဲစခန်းတာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။

ဒီမတိုင်ခင် ထိုင်းစကားမတတ်တဲ့ လူ ၂ ယောက် ရွာထဲရောက်လာပြီး  အလွန် ဆာလောင်နေကြောင်း အမူအရာပြခဲ့တယ်၊ ရွာသားတွေက ထမင်းထုပ် ပေးလိုက်ပေမဲ့ နောက်ထပ် ဆာလောင်နေတဲ့သူတွေ အများကြီးရှိဟန်ပြတာကြောင့် ရွာသားက တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။

အဆိုပါနေရာမှာ အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၅ ယောက်နဲ့ အသက် ၁၈ မှ ၃၅ ခန့်ရှိ လူငယ်လူရွယ်  ၃၅ ယောက် စုစုပေါင်း ၅၇ ယောက်ရှိတယ်၊ ကလေးလည်း ပါတယ်၊ ဘယ်သူမှ ထိုင်းလို မတတ်တာကြောင့် ရွာထဲက မြန်မာအလုပ်သမား တယောက်ကို ခေါ်လာပြီး ဘာသာပြန်ခိုင်းခဲ့ရပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို မဲဆောက်မြို့နယ်ရှိ  တောလမ်းကနေ ဝင်ရောက်လာကြောင်း၊ ချွန်းပူးရီးခရိုင် ပတ္တယားမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားက ကားနဲ့ သွားကြိုလာတယ်၊ နခွန်းဆဝမ်မှာ ကားပြောင်းစီးရတယ်၊ အဲဒီကနေ ဒီရွာနားရောက်တော့  အကုန်ဆင်းခိုင်းတယ်၊ တောထဲကနေ စောင့်နေ၊ နောက်ထပ် ကားလာခေါ်မယ်လို့ ပြောပြီး ၉ ရက်နေ့ကတည်းက စောင့်နေကြတာ၊ ဘယ်သူမှလည်း လာမကြို၊ စားစရာလည်း မရှိတော့ အကုန်ဆာလောင် ပင်ပန်းနွမ်းနယ်နေကြတာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက သူတို့တွေကို ထမင်းထုပ်၊ နို့ဘူးနဲ့ သောက်ရေတွေ ဝေငှပေးခဲ့ပြီး ခေါဝ်ခေါ့ရဲစခန်းကို ခေါ်လာတယ်၊  လဝက ဥပဒေနဲ့ အရေးယူပြီးရင် နေရပ်ပြန်ပို့မယ်လို့ ပြောသွားပါတယ်။ 

Source:  Thainews .prd / Khaosod TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013