Home
မြန်မာသတင်း
ကျားဖြန့်-လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ BGF ဖွဲ့စည်း၊ တယောက်မကျန်ဖမ်းမည်ဟု စောချစ်သူ ပြော
DVB
·
February 12, 2025

မြန်မာ-ထိုင်းနယ်စပ်ဒေသမှာ လုပ်ကိုင်‌နေတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက်  ကျားဖြန့်-လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ဖေဖော်ဝါရီ  ၁၂ ရက် ဒီနေ့  ဖွဲ့စည်းလိုက်ပါတယ်။

ကြီးကြပ်ရေးနဲ့ ပြန်လည်ပို့ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောဒီဒီ အပါအဝင် အဖွဲ့ဝင် ၂၈ ယောက်နဲ့ ဖွဲ့စည်းလိုက်တာလို့ ကရင်နယ်ခြားစောင့်တပ် (BGF) သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားပါတယ်။

အဆိုပါအဖွဲ့ကို ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့၊ အဖွဲ့ ၁ ၊ အဖွဲ့ ၂ ၊ အဖွဲ့ ၃ တို့ ဖွဲ့စည်းထားပြီး  ၁ ဖွဲ့ကို အဖွဲ့ဝင် ၇ ယောက် စုစုပေါင်း ၂၈ ယောက်နဲ့  အထူးအဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။

မြဝတီမြို့နယ်၊ ရွှေကုက္ကိုမှာ ဒီနေ့ပြုလုပ်တဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း ပပျောက်ရေး အစည်းအဝေးမှာ ကျားဖြန့်မှောင်ခိုပပျောက်နှိမ်နင်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့  BGF ပြောခွင့်ရသူ  ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

“လက်ရှိက ကိုယ်တို့ ကျားဖြန့်မှောင်ခိုပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ ဖွဲ့တာ။ အဲမှာက ဖော်ထုတ်ရေးကတော့ အဖွဲ့ ၄ ဖွဲ့ဖွဲ့ထားတယ်။ အစ်ကိုက ကြီးကြပ်ရေးအဖွဲ့တဖွဲ့ပေါ့။ အားလုံးစုစုပေါင်း ၄ ဖွဲ့။  ဒီ ၄ ဖွဲ့ကတော့ မကြာခင်မှာ အထက်က တာဝန်ပေးချက်အရ ကိုယ်တို့က လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖိအားကြောင့် ခုလို ကျားဖြန့်နှိပ်နင်းရေးလုပ်နေတာမဟုတ်ဘဲ နဂိုကတည်းက အစီစဉ်ရှိပြီးသားဖြစ်တယ် လုပ်စရာရှိတာ ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။

ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ လူကုန်ကူးးခံရသူ ၂၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းခဲ့ပြီးဖြစ်တယ်လို့ လည်း ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းလုပ်သူတွေကို အထူးတပ်ဖွဲ့ဖွဲ့စည်းပြီး  ပါဝင်ပတ်သက်နေသူတယောက်မကျန် ဖမ်းဆီး ပြန်ပို့သွားမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက လည်း DVB နဲ့ သီးသန့်အင်တာဗျူးမှာ ပြောပါတယ်။

ကျားဖြန့်နဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးကြီး‌ စောချစ်သူ အပါအဝင် ဒုတိယဗိုလ်မှူးကြီး စောတင်ဝင်းနဲ့ ဗိုလ်မှူး စောမုဿုံတို့ကို ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဖမ်းဝရမ်းထုတ်ဖို့ပြင်နေတဲ့ သတင်းတွေ ထွက်လာပြီးနောက် ခုလိုတုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူက “မကြာခင်မှာလည်း လူမှောင်ခို ကျားဖြန့်နှိမ်နင်းရေး အထူးအဖွဲ့ကို ကျနော်တို့ ဖွဲ့ပြီးတော့ ဖမ်းမှာ။ လုံးဝ တယောက်မကျန် ဖမ်းပြီးတော့ ကျနော်တို့ ပြန်ပို့မှာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်လည်း ဘာမှ အကျိုးစီးပွားမခံစားရဘဲ ကျနော်တို့ပဲ နာမည်ပျက်တယ်။ သူတို့ လာပြီး မသမာတဲ့ စီးပွားရေးလုပ်တာ၊ ကျနော်တို့ မြေငှားရမ်းခလောက်ပဲ ကျနော်တို့ ခံစားရတာ။ နောက်ဆုံးမှာ ကျနော်တို့ပဲ ဆိုးဆိုးဝါးဝါး နာမည်ပျက်သွားတာ။ ကျနော်တို့နိုင်ငံသားလည်း မဟုတ်ပါဘူး။ အဲဒါ ကျနော် လုပ်ပြပါမယ်” လို့ ပြောပါတယ်။

BGF အနေနဲ့ ကျားဖြန့်တွေမှာ ရောင်းစားခံရတဲ့လူတွေကို အရင်ကတည်းက ထိုင်းအစိုးရနဲ့ ပူးပေါင်းကာ လူထောင်နဲ့ချီ ပြန်ပို့ဆောင်ခဲ့ပေမဲ့ တရားဝင်ပို့ဆောင်တယ်လို့ သတ်မှတ်မခံရတဲ့အတွက် ဒီတခါတော့ ချစ်ကြည်ရေးတံတားပေါ်ကနေ တရားဝင် ပြန်လည် ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူကုန်ကူးမှုနဲ့ လောင်းကစားမှုတွေအတွက် မြဝတီ ရွှေကုက္ကိုလ်မှာ ရောက်လာတဲ့လူတွေက ဘယ်သူလာပို့တာလဲလို့ ဗိုလ်မှူးကြီးစောချစ်သူက မေးခွန်းထုတ်ခဲ့ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဖြစ်တဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု‌ ကျားဖြန့်လုပ်ငန်းတွေ ပိုများလာရတဲ့ အဓိကတရားခံဟာ စစ်ကောင်စီ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ သုံးသပ်ချက်တွေ ရှိထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ ကျားဖြန့်တွေမှာ ပါဝင်ပတ်သက်နေသူတွေအားလုံးကို ဖမ်းဆီးပြီး အရေးယူ လုပ်ဆောင်သင့်တယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

အခုရက်ပိုင်းမှာတော့ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိတဲ့ ခရိုင်အဆင့် ထိုင်းရဲမှူးချုပ် ၂ ယောက် နေရာရွှေ့ပြောင်းခံရပြီး  တာဝန်မှ ယာယီရပ်စဲခံထားရတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က “ခေါင်းဆောင်ပိုင်းတွေ ပါဝင်ပတ်သက်နေသူတွေကို BGF က အကုန်နေရာချပြီးသား ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်တွေ ကတည်းက နေရာရွှေ့ပြီးသားဖြစ်တယ်။ အခုပို့မယ့်သူတွေက လူကုန်ကူးခံရတဲ့သူတွေကို သူတို့ အဓိကထားပြီး ပြန်ပို့မှာဖြစ်တယ်။ တကယ့် main contract လုပ်တဲ့သူတွေသာ တာဝန်အရှိဆုံးနဲ့ တာဝန်ယူရမှာဖြစ်တယ်။ စောချစ်သူ ပြောသွားတာက အလုပ်နဲ့ အကောင်အထည်ဖော်ပြသွားမယ်၊ ပြည်သူတွေက သူတို့ကိုမယုံဘူးတဲ့။ ဘယ်လိုယုံမလဲ၊ ပြည်သူတွေကို ဒုက္ခပေးနေတာ သူတို့တွေလေ၊ ကျားဖြန့်တွေကို ကျယ်ကျယ်လောင်လောင် တရားဝင်ပုံစံမျိုးနဲ့ လုပ်ကိုင်ခွင့်တွေ ပေးပြီးတော့မှ အခု ပြည်သူတွေ ဒုက္ခ‌ရောက်တာက သူတို့ကြောင့်” လို့ ပြောပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံက ကျားဖြန့်နှိမ်နင်းရေး အကြောင်းပြချက်နဲ့ မြဝတီမှာ လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြတ်တောက်ထားတာကြောင့် မြို့ခံတွေ အခက်အခဲ တွေ့ကြုံနေရပါတယ်။

ဒါ့အပြင် မြန်မာဘက်ခြမ်းကို ကုန်ပစ္စည်းတင်ပို့မှုတွေကိုလည်း ထိုင်းနိုင်ငံဘက်က ကန့်သတ်လိုက်တဲ့အတွက် ပြည်သူတွေသာ ပိုခက်ခဲမယ့်အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)က သူတို့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်ထုတ်ထားတဲ့ နိုင်ငံခြားသား အယောက် ၂၆၀ ကျော်ကို ထိုင်းဘက်ပြန်လွှဲပေးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024