Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ဇန်နဝါရီလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းမှု ၃၆ ကြိမ် ဖြစ်ပွား
DVB
·
February 12, 2025
Photo-KKL

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောင်ထွင်း၊ ခိုးယူတဲ့ဖြစ်စဉ် ၃၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းမိတာ မရှိခဲ့ဘူးလို့ တိုင်းစစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “တတိုင်းလုံးအတိုင်းအတာနဲ့ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်က မနည်းဖြစ်ခဲ့တာ။ ရဲစခန်းတွေမှာ တိုင်ထားတဲ့ စာရင်းအရပေါ့။ တိုင်ထားပေမဲ့ တရားခံတွေကို ဖမ်းမိတာ မရှိခဲ့သေးဘူး။ အမှုတွေ မှတ်တမ်းတွေအရ လုယက် ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေက အဖြစ်များခဲ့တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းမှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ လပွတ္တာ၊ ဝါးခယ်မ၊ ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ဟင်္သာတ၊ ကျောင်းကုန်း၊ မြောင်းမြ၊ ပန်းတနော် စတဲ့မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဝါးခယ်မ ဒေသခံတယောက်က “ဝါးခယ်မမြို့နယ်ဘက်မှာ မြို့ပေါ် စပါးတက်ရောင်းပြီး ပြန်လာတဲ့ တောင်သူတယောက် လမ်းမှာ ဓားနဲ့အခုတ်ခံရပြီး လုယက်ခံရတာ။ နေ့ခင်းကြောင်တောင် လူကို ဓားနဲ့ခုတ် ပိုက်ဆံလုယက်ခံရတာ။ ဒီဘက်ဒေသမှာ အရင်က ဒါမျိုးဖြစ်စဉ် မဖြစ်ခဲ့ဖူးဘူး” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကင်းလှည့်တာတွေ လုပ်ပေမဲ့ PDF လို့ စွပ်စွဲဖမ်းတာ၊ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးဖမ်းတာတွေပဲ အဓိကထား လုပ်နေတာဖြစ်ပြီး လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းတာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်အထိ တလအတွင်းကလည်း ဧရာဝတီတိုင်းထဲမှာ လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် အကြိမ် ၃၀ ကျော်အထိ ဖြစ်ပွားခဲ့သေးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013