ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ စက္ကူစက်ရုံက ဝန်ထမ်းတွေကိုပါ စစ်ကောင်စီက စစ်အင်အားလိုအပ်ချက်ကြောင့် ဖေဖော်ဝါရီ ၅ ရက်ကစတင် စစ်သင်တန်းပေးနေတယ်လို့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော် (AA)က သာပေါင်းမြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတာကြောင့် မြို့အတွင်းဝင်ရောက်တိုက်ခိုက်ပါက ပြန်လည်ခုံခံဖို့အတွက် ပြည်သူ့စစ်အရေးပေါ် ဖွဲ့စည်းပြီး သာပေါင်းစက္ကူစက်ရုံကဝန်ထမ်း ၅၀ လောက်ကို ခလရ ၃၀၈ တပ်ထဲမှာ စစ်သင်တန်းပေးနေတာလို့ ဆိုပါတယ်။
သာပေါင်း စက္ကူစက်ရုံက ဝန်ထမ်းတယောက်က "စစ်သင်တန်းကို မတက်ချင်တဲ့သူတွေများတယ်။ စက်ရုံတွေကိုကာကွယ်ပေးဖို့ တပ်သားလိုအပ်ချက်ရှိနေတယ်။ ဒါ့ကြောင့် AA ထိုးစစ်ဆင်လာရင် ပြန်လည်ခုခံဖို့ဆိုပြီး စစ်သင်တန်းလာပေးတာ"လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်အတွင်း AA နဲ့ ပူးပေါင်းတပ်တွေဝင်မလာဖို့ စစ်ကောင်စီလက်အောက်ခံ ရဲတွေ၊ ပြည်သူစစ်တွေ၊ အုပ်ချုပ်ရေးမှူးတွေက လက်ခုပ်၊ ခေနန်၊ သရက်ကုန်းနဲ့ မရမ်းချိုကျေးရွာ စတဲ့ ရခိုင်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေဘက်မှာ ကင်းလှည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
သာပေါင်းဒေသခံတယောက်က “ဒီနေ့ ၇ ရက် မနက်ပိုင်းကလည်း သာပေါင်း - သဲဖြူဘက်မှာ စစ်ကားတွေ ပြန်လိုက် သွားလိုက်လုပ်နေတယ်။ စစ်ကောင်စီတပ်က တပ်အားလာဖြည့်တာလို့ ထင်တာပဲ။ ပါလာတဲ့ စစ်သားတွေ ပြန်မပါသွားဘူးလေ''လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ သာပေါင်းမြို့နယ်အတွင်းရှိ ကျားခေါင်းစခန်းသိမ်းခံရပြီးနောက် သဲဖြူကျေးရွာကို စစ်ကောင်စီ တပ်အားလုံးပြန်တပ်ဆုတ်ပြီး ခံစစ်ပြင်နေတယ်လို့ သိရပါတယ်။
သာပေါင်းစက်က္ကူစက်ရုံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်နားထားရတဲ့ စက်ရုံဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၁၂ ရက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာရောက်ပြီး ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။
ရခိုင်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်မြို့ဘက်ကနေ စစ်ကားတွေ ဝင်ရောက်နေတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းဘက်ကို စစ်ကား ၈ စီးနဲ့ အင်အား ၂၀၀ လောက် ဝင်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် ည ၉ နာရီကလည်း စစ်ကား ၅ စီးနဲ့ အင်အား ၁၀၀ ကျော်လောက် ပန်တိုင် စစ်ဆေးရေးဂိတ်ကနေ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိတဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်အနီး ဒေသခံတယောက်က “ဧရာဝတီတိုင်းထဲကို ၂ ရက်ဆက်ကို ဝင်နေတာ။ စစ်ကားတွေပေါ်မှာ လိုက်ပါလာသူတွေက အသက် ၂၀ ကျော်အရွယ် လူငယ်တွေများတယ်။ စစ်မှုထမ်းခေါ်ထားတဲ့ ကလေးတွေဖြစ်မယ်” လို့ ပြောပါတယ်။
ရန်ကုန်ဘက်ကနေ စစ်သားတွေတင်ပြီး ဧရာဝတီတိုင်းထဲဝင်လာတဲ့ ကားတွေထဲမှာ ထောက်ပို့တပ်တွေမှာ အသုံးပြုတဲ့ စစ်ကားတွေဖြစ်ပြီး ကားတစီးကို အင်အား ၃၀ လောက် လိုက်ပါလာတာ တွေ့ရပြီး ကားပေါ်လိုက်ပါလာသူ အားလုံးမှာ စစ်ကောင်စီတပ် စစ်ဝတ်စုံ ဝတ်ထားပေမဲ့ သေနတ်ကိုင်ဆောင်ထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “စစ်ကားတွေက ပုသိမ်ကိုဝင်ခဲ့တာ၊ ပါလာတဲ့တပ်သားတွေက စစ်မှုထမ်း တပ်သားသစ်တွေချည်းပဲ။ အပတ်စဉ် ၇ စစ်မှုထမ်းသင်တန်းဆင်းတွေလို့ သိရတယ်။ အစောင့်သဘောနဲ့ ကားတစီးကို အရာရှိ ၂ ယောက် ဒါမှမဟုတ် ၃ ယောက်ပဲ ပါလာတာ။ ရခိုင်ဒေသ ပြန်လည်ထိန်းချုပ်ဖို့ စစ်ဆင်ရေးပို့မှာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၅ ရက်မှာတော့ ပုသိမ်တပ်ကနေ စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားတွေထဲက အယောက် ၂၀၀ ကျော်ကို ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီဘက်ကို ပို့ဆောင်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ဧရာဝတီအစပ် ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် ပုသိမ်၊ ရေကြည်၊ သာပေါင်း စတဲ့မြို့နယ်တွေကို မဟာမိတ်တွေနဲ့အတူ ထိုးစစ်ဆင်လာပြီး စစ်ကောင်စီတပ်စခန်းတချို့ကိုပါ သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။