
ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် ဝဥပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီ ဆေးပညာမှ တင်ပြသွားမှာ ဖြစ်ပါတယ်။
ဝဥပင်ကို သိပ္ပံလို Amorphophallus paeoniifolius လို့ခေါ်ပြီး အင်္ဂလိပ်လို Telingo potato, Sweet yam, Corpse flower, Whitespot giant arum, Kanda, Suran, Jimikanda konnyaku နဲ့ konjac လို့ အမျိုးမျိုးခေါ်ကြပါတယ်။
ဝဥမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံ၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ကော့ပါး၊ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် K၊ Thiamin၊ ဗီတာမင် B6 စတဲ့ အာဟာရသတ္တုဓာတ်များနဲ့ Omega-3 fatty acids, flavonoid, Quercetin, diastatic enzyme amylase, betulinic acid, tricontane, lupeol,stigmasterol, beta sitosterol, ဂလူးကို့စ်၊ galactose၊ rhamnose စတဲ့ ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်းများပါဝင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေခြင်း၊ အိုမင်းရင့်ရော်မှုကို နှေးကွေးစေခြင်း၊ မကောင်းတဲ့ သွေးတွင်းအဆီအဆင့်ကို ကျဆင်းစေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း၊ ဟော်မုန်းကို ဟန်ချက်ညီအောင် ထိန်းပေးခြင်း စတဲ့အာနိသင်များ ရှိပါတယ်။
ဆေးဖက်ဆိုင်ရာမှာ ဥ၊ အရွက်နဲ့ ပင်စည်ကို သုံးစွဲကြပါတယ်။ ဝဥကို ကြိတ်ချေပြီး ဂျုံနဲ့ရောကာ အဆစ်အမြစ်များ ရောင်ရမ်း နာကျင်ကိုက်ခဲမှုကို လိမ်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
လိပ်ခေါင်း၊ အစာမကြေ၊ သန်ကောင်နဲ့ အသည်းကြီးခြင်းတို့အတွက် ဝဥသတ္တုရည် တခါသောက် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတို့ကို ချက်ချင်း သက်သာစေရန် ဝဥအပိုင်းများကို ရေနွေးထဲ ထည့်ပြီး ရေနွေးငွေ့ပေးပါ။
ဝဥမှာ Omega-3 fatty acids ပါဝင်တာကြောင့် ဝဥကို ပုံမှန်စားသုံးခြင်းက မကောင်းတဲ့ သွေးတွင်းအဆီကို ကျဆင်းစေကာ ကောင်းတဲ့ သွေးတွင်းအဆီကို တိုးပွားစေပြီး ပုံမှန်စားသုံးခြင်းက သွေးတိုးရောဂါ အဆီကြောင့်ဖြစ်တဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေပါတယ်။
ဝဥမှာပါဝင်တဲ့ သွေးကျဲစေတဲ့ ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုဆန့်ကျင် ဂုဏ်သတ္တိများက သွေးကြောများမှာ သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးတိုးခြင်းကို လျှော့ချပေးကာ နှလုံးကျန်းမာရေး အခြေအနေအမျိုးမျိုးကို ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ဝဥမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ကာ အသားအရေကို သဘာဝအတိုင်း တောက်ပစေပြီး ဝက်ခြံပေါက်ခြင်းကို တားဆီးပေးကာ အရေးအကြောင်းများ ကင်းဝေးစေပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
ဝဥဟာ glycemic အညွှန်းကိန်း နိမ့်တာကြောင့် သွေးတွင်းသကြားပမာဏ ရုတ်တရက် မြင့်တက်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်း အင်ဆူလင် ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အတွက် ဆီးချိုရောဂါခံစားနေရသူများအတွက် သင့်လျော်တဲ့ အစားအစာ ဖြစ်ပါတယ်။
အစာခြေအမျှင်ဓာတ် ပါဝင်မှု မြင့်မားပြီး အစာအိမ်၊ အူလမ်းကြောင်းမှ အဆိပ်များကို ဖယ်ရှားပေးကာ သန်ကောင်/တုတ်ကောင်နဲ့ အခြားကပ်ပါးကောင်များကို ကာကွယ်ပေးတဲ့အပြင် အသည်းကို ကာကွယ်ပေးတဲ့ ဂုဏ်သတ္တပါဝင်လို့ အသည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
ဝဥမှာ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဇင့်၊ ဆယ်လီနီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ် ပါဝင်တာကြောင့် ဦးနှောက်လုပ်ဆောင်နိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတို့ကို တိုးတက်ကောင်းမွန်စေတာကြောင့် ဝဥကို ပုံမှန်စားသောက်ပေးတာက စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုများနဲ့ အာရုံကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
ဝဥဟာ သဘာဝပရိုဘိုင်အိုတစ် တမျိုးဖြစ်ပြီး အစာအိမ်အကျိုးပြု ဘက်တီးရီးယားပိုးမွှားများကို တိုးပွားစေပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်ကာ အစာခြေလမ်းကြောင်း ပြဿနာဖြစ်စေတဲ့ အဆိပ်အတောက်များနဲ့ အခြားရောဂါပိုးများကို ရှင်းလင်း ဖယ်ရှားပေးပါတယ်။
ဟော်မုန်းမညီမျှခြင်းကြောင့် အမျိုးသမီးများ ဓမ္မတာမလာမီ ပြင်းထန်သော စိတ်ပူပန်ခြင်း၊ စိတ်အပန်းမပြေခြင်း၊ ဗိုက်အောင့်ခြင်း လက္ခဏာများ ဖြစ်နေပါက ဝဥစွပ်ပြုတ်ကို သောက်သုံးခြင်းဖြင့် ချက်ချင်းသက်သာစေပါတယ်။ ဝဥဟာ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းများကို သက်သာစေပါတယ်။
ဝဥသတ္တုရည်ကို ထောပတ်ထည့်ပြီး ဆင်ခြေထောက်ရောဂါနဲ့ အဆစ်များ ရောင်ရမ်းခြင်းနဲ့ ကိုက်ခဲခြင်းများမှာ လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ရောင်ရမ်းနာကျင်ခြင်းနဲ့ ဆင်ခြေထောက်ရောဂါတို့အတွက် ဝဥကို ပျားရည်၊ ထောပတ်တို့နဲ့ ရောစပ်ပြီး လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
လိပ်ခေါင်း၊ သန်ကောင်/တုတ်ကောင်၊ အစာမကြေခြင်းနဲ့ အသည်းကြီးခြင်းတို့အတွက် ဝဥသတ္တုရည်ကို တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၂ ကြိမ် သောက်သုံးနိုင်ပါတယ်။
မီးယပ်ထိန်ခြင်းအတွက် ဝဥကိုပြုတ်ပြီး တခါသောက် ရေနွေးကြမ်းပန်းကန် ၁ ခွက် တနေ့ ၂ ကြိမ် စားသုံးပေးနိုင်ပါတယ်။
ချောင်းဆိုးခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါအတွက် ဝဥကို ရေမှာ တညစိမ်ပြီး အရည်ကို တခါသောက် ရေနွေးကြမ်းပန်းကန် တဝက်ကို တနေ့ ၂ ကြိမ် စားသုံးနိုင်ပါတယ်။
အကျိတ်/အဖုများအတွက် ဝဥကို နေရောင်အောက်မှာ အခြောက်ခံပြီးနောက် ရွှံ့နဲ့ဖုံးအုပ်ကာ မီးရှို့ပြီး ရရှိလာတဲ့ပြာကို တခါသောက် ကော်ဖီ ၁ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် စားသုံးနိုင်ပါတယ်။ ဥ သို့မဟုတ် ဝဥ မီးရှို့ပြီးနောက် ပြာကို ဂျုံနဲ့ ဂျုံမှုန့်တို့ကို ရောစပ်ပြီး အကျိတ်ကို လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။
ဝဥပင်အရွက်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် အရွက်ကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်ခြင်းက အစာချေဖျက်ရာမှာ ကူညီပေးပြီး ဝမ်းဗိုက်နာခြင်း၊ ဝမ်းချုပ်ခြင်း လျော့ပါးစေပြီး ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။
အပင်အရွက်မှာ ရောင်ရမ်းမှု ဆန့်ကျင်အာနိသင် ပါဝင်တာကြောင့် လိပ်ခေါင်း၊ အဆစ်အမြစ် ရောင်ရမ်းခြင်း၊ ကြွက်တက်ခြင်းများမှာ အရွက်သတ္တုရည်ကို နှမ်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်။
ဝဥအရွက်ဟာ မကောင်းတဲ့ သွေးတွင်းအဆီကို လျှော့ချပေးနိုင်ပြီး သွေးတိုး၊ နှလုံးနဲ့ လေငန်းရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတဲ့အပြင် ကိုယ်အလေးချိန် လျှော့ချရာမှာလည်း အကျိုးပြုပါတယ်။
အရွက်မှာ flavonoid, Quercetin ပါဝင်တာကြောင့် အရွက်ပြုတ်ရည် ၁ ဖန်ခွက်ကို ပျားရည်ကော်ဖီ ၁ ဇွန်း၊ ထန်းလျက် ၁ ခဲနဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးခြင်းက အသည်းပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသည်းကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။
အရွက်ဟာ အိုမီဂါ- ၃ ဖက်တီးအက်ဆစ်၊ ဇင့်၊ ဆယ်လီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖရပ်စ်တို့ ပါဝင်တာကြောင့် အရွက်ကို စားသောက်ခြင်းက ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုတို့ကို ကူညီပေးနိုင်ပါတယ်။
အရွက်ဟာ ကပ်ပါးပိုးများကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် သန်သောင်/တုတ်ကောင် ရောဂါများမှာ အရွက်သတ္တုရည် တခါသောက် ကော်ဖီ ၂ ဇွန်းကို ပျားရည် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂ ကြိမ် သောက်ပေးနိုင်ပါတယ်။
မှိုသတ်ဆေးနဲ့ ပိုးသတ်ပိုးအာနိသင် ပါဝင်တဲ့အတွက် ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများမှာ အရွက်ပြုတ်ရည်ကျကျ တခါသောက် နွေးကြမ်းပန်းကန်တဝက်ကို ပဒဲကောမှုန့် ကော်ဖီ ၁ ဇွန်းနဲ့ တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။
ဝဥကို အလွန်အကျွံစားသုံးခြင်းက ဝမ်းချုပ်ခြင်း၊ လေပွခြင်း ဖြစ်စေနိုင်ပါတယ်။ ဝဥကို ကောင်းစွာ မချက်ပြုတ်ပါက စားသုံးတဲ့အခါ ပါးစပ်နဲ့ လည်ချောင်းများမှာ ယားယံခြင်း ဖြစ်နိုင်ပါတယ်။ ဝဥနဲ့ ဓာတ်မတည့်သူများ ဝဥပင်ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။
ဝဥ/ဝဥပင်ကို အရေပြားနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ အခွံခွာခြင်းနဲ့ ဖြတ်တောက်စဉ် လက်အိတ်များ ဝတ်ဆင်အသုံးပြုပါ။ ဝဥကို ဂရုတစိုက်ကိုင်တွယ်ပြီး စားသုံးခြင်းမပြုမီ သေချာစွာ ချက်ပြုတ်ပါ။ ယားယံခြင်းဖြစ်ပါက ထိခိုက်တဲ့နေရာကို ဆပ်ပြာနဲ့ ဆေးကြောပါ။ ဝဥအရိုင်းပင်များကို စားသောက်ခြင်း လုံးဝမပြုသင့်ပါ။
နွေဦးပြည်သူများ ဝဥပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။