
လာမယ့်ရာသီမှာ ကစားသမားသစ် ခေါ်ယူခြင်းမရှိရင် မန်ယူအသင်း တန်းဆင်းအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ကြောင်း အသင်းဂန္ထဝင်ကွင်းလယ်လူ ပေါလ်စခိုးက သုံးသပ်သွားပါတယ်။
မန်ယူအသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၃ ရောက်ရှိနေပြီး သမိုင်းတလျှောက် အဆိုးရွားဆုံးရလဒ် ကြုံတွေ့နေရတာပါ။
လာမယ့်ရာသီမှာတော့ ကစာသမားသစ် ၅ ယောက်လောက် ခေါ်ယူသွားရမှာဖြစ်ပြီး အဲဒီလိုမလုပ်ဆောင်နိုင်ခဲ့ရင် တန်းဆင်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း ပေါလ်စခိုးက သုံးသပ်သွားတာပါ။
လီဗာပူးနဲ့ ယှဉ်မယ်ဆိုရင် မန်ယူအသင်းမှာ ဂိုး၊ ရှေ့၊ လယ်၊ နောက် ဘယ်နေရာမှ ယှဉ်နိုင်တဲ့လူစာရင်း မရှိကြောင်း၊ အရည်အသွေးရှိတဲ့ ဂိုးသမားသစ်တယောက် လိုအပ်နေသလို နောက်ခံလူ ၂ ယောက်၊ ကွင်းလယ်လူတယောက်နဲ့ တိုက်စစ်မှူးတယောက် ခေါ်ယူနိုင်ဖို့ လိုအပ်ကြောင်း ပေါလ်စခိုးက ပြောသွားပါတယ်။