
ရန်ကုန်တိုင်းအတွင်းရှိ ဒေါပုံမြို့မရဲစခန်းကနေ ဖေဖော်ဝါရီ ၉ ရက် မနက် ၂ နာရီက မူးယစ်ဆေးဝါးမှု၊ ခိုးဆိုးလုယက်မှုတွေနဲ့ ဖမ်းဆီးထားတဲ့ လူငယ် ၄ ယောက် အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားပါတယ်။
မနေ့ မနက် ၂ နာရီက မူးယစ်ပုဒ်မ ၁၉(က) နဲ့ဖမ်းထားတဲ့ သူရဇော်(ခ)အောင်ရဲလင်း၊ ဝေယံအောင်(ခ)သင်္ဘောနဲ့ ပုဒ်မ ၃၈၀ အမှုမှ ညီညီခန့် (ခ) အသေးလေးနဲ့ ခန့်ထည်ဝါထွန်းတို့ ထွက်ပြေးသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အချုပ်ခန်း သံတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး အချုပ်ခန်းပေါ်ကနေ သံဆန်ခါကို ဖောက်ပြီး ထွက်ပြေးသွားတာ ဒေါပုံက ၃ ယောက် လှိုင်သာယာက ၁ ယောက် အခုထိတော့ လေးယောက်စလုံး မမိသေးဘူး။”
အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားသူကို ၄ ယောက်မှာ ဒေါပုံမြို့မရဲစခန်းကနေ ပုဒ်မ ၁၉(က) ပုဒ်မ၊ ပုဒ်မ ၃၈၀/ကျင့် ၅၄ နဲ့ ချုပ်ရက်ရမာန်ယူကာ စစ်ဆေးနေဆဲသူများဖြစ်ပြီး အဲဒီထဲမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်လည်းပါတယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိအခြေအနေထိ ထွက်ပြေးသွားတဲ့ အချုပ်သား ၄ ယောက် ပြန်မမိပေမယ့် ထွက်ပြေးတဲ့ ကိစ္စနဲ့ ဒေါပုံမြို့မရဲစခန်းက တာဝန်မှူး ဒုရဲအုပ်နောင်နောင်နဲ့တာဝန်ကျ ရဲတပ်ကြပ်ခင်မောင် စစ်ဆေးခံနေရပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က ဒလမြို့မရဲစခန်းက အချုပ်ခန်းကို ဖောက်ပြီးထွက်ပြေးသွားတဲ့ အချုပ်သား ၆ ယောက်လည်း အခုချိန်ထိ ပြန်မမိသေးပါဘူး။