
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက အချုပ်ခန်းဖောက် ထွက်ပြေးလာတဲ့ အချုပ်သား ၃ ယောက် ရေးဘီလူးအဖွဲ့ထံ ရောက်ရှိလာခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။
အချုပ်ခန်းဖောက် လွတ်မြောက်လာပြီး ရေးဘီလူးအဖွဲ့ထံ ရောက်ရှိလာသူတွေထဲမှာ သေဒဏ်အထိ ချမှတ်နိုင်တဲ့ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသူတွေလည်း ပါဝင်နေတာကြောင့် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ရေးဘီလူးက ပြောပါတယ်။
“ကျနော်တို့ ကယ်တင်ထားတယ်ဆိုပေမဲ့ ကျနော်တို့တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ရမယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ဒီမိုကရေစီဆန်ဆန် သူတို့သွားချင်တဲ့နေရာထိ ရောက်အောင် အကောင်းဆုံး ကူညီဆောင်ရွက်ပေးသွားမှာပါ။ သူတို့အနေနဲ့လည်း အသက်နဲ့ရင်းပြီး အချုပ်ထဲက ဖောက်ထွက်လာရတာဖြစ်သလို နောက်ထပ် ဖောက်ထွက်လာမယ့်သူတွေအတွက်လည်း အကောင်းဆုံး ကယ်တင်နိုင်အောင်လို့ ပြင်ဆင်ထားပါတယ်။ အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်းမှာ ဆိုရင်တော့ အခုလို အချုပ်ဖောက်ပြီး ထွက်ပြေးနိုင်တယ်ဆိုတာက အရမ်းဂုဏ်ယူလို့ရတဲ့ ဖြစ်စဥ်တခုလို့ ပြောလို့ရပါတယ်။”
ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီခန့်က ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ ရေးမြို့မရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ထမင်းသွားပို့ချိန်မှာ အချုပ်သားတွေက ရဲတပ်ဖွဲ့ထံက သေနတ်လုယူပြီး ပစ်ခတ်ခဲ့ရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီအချုပ်ခန်းပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ ၃ ယောက် သေဆုံးသွားခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ယာဘက်ရင်အုံမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တာကြောင့် ရေးခရိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရပါတယ်။
ရေးမြို့မရဲစခန်း အချုပ်ခန်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရေးမြို့ပေါ်နဲ့ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပိတ်ဆို့ထားကာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေကို ပြန်လည်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးအဖွဲ့ဝင်တွေက ပိတ်ဆို့ ရှာဖွေနေကြကြောင်း ဒေသခံတွေထံက သိရပါတယ်။
အလားတူ ရေးမြို့ပေါ်ရပ်ကွက်တွေမှာလည်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ ပျူစောထီးအဖွဲ့တို့က ဧည့်စာရင်းစစ်တာတွေ လုပ်ဆောင်နေကြကြောင်း ရေးမြို့ခံတွေကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။