
ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်တနေရာရှိ စစ်ရှောင်ပြည်သူတွေဟာ စားဝတ်နေရေးပြဿနာ အဆင်ပြေစေဖို့ တပိုင်တနိုင် စိုက်ပျိုးရေးဖြစ်တဲ့ မုန်ညင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆလပ်ရွက် စတဲ့ ဟင်းသီးဟင်းရွက်တွေကို အရင်နှစ်ကထက် ပိုမိုလုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။
လက်ရှိ အခုရာသီမှာ ရေရရှိတဲ့ လယ်တွေထဲ ရေသွင်းစိုက်ပျိုးကြတာဖြစ်ပြီး အခုလို စိုက်ပျိုးတော့ မိသားစုအပိုဝင်ငွေရရှိသလို မီးဖိုဆောင်အသုံးစရိတ်လည်း သက်သာစေတယ်လို့ ပြောပါတယ်။
စစ်ဘေးရှောင်တယောက်က “ဒီဘက် ဟင်းသီးဟင်းရွက်က အရမ်းစျေးကြီးတယ်။ ဝယ်စားရတာ အဆင်မပြေဘူး။ ရွာခံတွေကလည်း သူတို့ခြံမှာ ပေးစိုက်ကြတာတော့ အဆင်ပြေတာပေါ့။ စစ်ဘေးရှောင်နေရတယ် ဆိုတော့ အလုပ်မရှိကြဘူးလေ။ အချိန်ကြာလာတော့ အဆင်မပြေဘူး။ ခုလို ကိုယ်စားချင်တဲ့ အပင် ပြန်စိုက်ရတော့ အစားအသောက်က မပူရဘူးပေါ့” လို့ ပြောပါတယ်။
ဖရူဆိုမြို့နယ်ဘက်က စစ်ရှောင်တွေဟာ စစ်ရှောင်ကာလ ၃ နှစ်ကျော်ရှိပြီဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ အဆင်မပြေမှုတွေ ပိုပိုများလာလို့ အရင်လို အေးအေးချမ်းချမ်းပဲ အိမ်ပြန်နေချင်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ ကရင်နီပြည်တခုလုံးနီးပါး စစ်ရှောင်နေကြရပြီး စစ်ရှောင်ဦးရေ ၃ သိန်းကျော်ရှိကာ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေထံက သိရပါတယ်။