Home
နိုင်ငံတကာ
ဆူဒန်တွင် FAO က မျိုးစေ့များ ဖြန့်ဖြူး
DVB
·
September 12, 2024
Photo-Reuters

အရှေ့နဲ့ မြောက်အာဖရိကအတွက် ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ဒေသဆိုင်ရာရုံးဟာ ဆူဒန်နိုင်ငံ ပင်လယ်နီပြည်နယ်က တိုဘင်နဲ့ ရှတ်တာရွာတွေမှာ စက်တင်ဘာ ၁၁ ရက်က မျိုးစေ့ဖြန့်ဖြူးရေး လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။

လက်ရှိဖြစ်နေဆဲ ပဋိပက္ခတွေနဲ့ ရာသီဥတုဖောက်ပြန်ခြင်းရဲ့ သက်ရောက်မှုတွေကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ မဖူလုံမှုကို တွန်းလှန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားဖို့ ဒီလှုပ်ရှားမှုက ရည်ရွယ်ထားပါတယ်။

FAO နဲ့ တရုတ်အစိုးရတို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ အမေရိကန်ဒေါ်လာ ၂ သန်း တန်ဖိုးရှိတဲ့ စီမံကိန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလကနေ ၁၈ လကြာတဲ့အထိ ဆောင်ရွက်သွားမှာပါ။

ဆူဒန်နိုင်ငံဟာ ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့တွေကြား စစ်ပွဲရဲ့ သက်ရောက်မှုကို ရင်ဆိုင်နေရတာပါ။

အခုအစီအစဉ်က ဆူဒန်နိုင်ငံတွင်း ပင်လယ်နီပြည်နယ်က မတူတဲ့ ဒေသတွေအတွင်း လယ်သမားတွေ၊ တံငါသည်တွေနဲ့ သိုးထိန်းတွေကို ပစ်မှတ်ထားပါတယ်။

ဆူဒန်နိုင်ငံတဝန်း ဩဂုတ်လထဲမှာ ရေကြီးမှုကြောင့် လူပေါင်း ၃ သိန်းကျော် ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဆူဒန်စစ်တပ် ထိန်းချုပ်တဲ့ နယ်မြေတွေမှာ ဗုဒ္ဓဟူးနေ့အထိ ကာလဝမ်းရောဂါဖြစ်ပွားမှု ၁,၃၅၁ မှုကို အစီရင်ခံထားပြီးပါပြီ။

RSF တပ်က သိမ်းပိုက်ထားတဲ့ နိုင်ငံရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကို ကျန်းမာရေး ဝန်ကြီးဌာနက မဝင်နိုင်သေးလို့ အဲဒီဒေသတွေက လူနာအရေအတွက်ကို ထည့်သွင်းနိုင်ခြင်း မရှိသေးပါဘူး။

၁၆ လကျော်ကြာ စစ်ပွဲကြောင့် အခြေခံအဆောက်အဦတွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး လူ ၁၀ သန်းကျော် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

လူဦးရေထက်ဝက်က အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့လက ဒါဖာဒေသတွင်း ဧရိယာတခုမှာ အငတ်ဘေးဆိုက်နေပြီး တခြားဒေသ ၁၃ ခုမှာလည်း အငတ်ဘေးအန္တရာယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ဆုံးဖြတ်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024