ကျနော်ကိုယ်တိုင် ခရု ကြိုက်ပါတယ်။ တောသူတောင်သားပီပီ ခရု ကြိုက်ပါတယ်။ ခရု ကြိုက်တဲ့ မိသားစုလို့လည်း ပြောလို့ရပါတယ်။ အမေက ကျနော့်ညီကို ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ တောင့်တောင့်တတ စားချင်တဲ့အရာက ခရုပါ။ ကိုယ်ဝန်ဆောင်အမေ ခရုချင်ခြင်းတတ်လို့ အဖေက လယ်ထဲမှာ ခရုလိုက်ကောက်ပေးခဲ့ရပါတယ်။
အမေက ညီဖြစ်သူကို မွေးတော့ နှုတ်ခမ်း ခပ်ထော်ထော်ရယ်ပါ။ အရပ်လက်သည်က “နှုတ်ခမ်းထော်မှာပေါ့၊ အမေဖြစ်တဲ့သူက ခရုတွေပဲ ချင်ခြင်းတတ်နေတာကိုး” လို့ ပြောပါတယ်။
အရပ်ထဲမှာတော့ ကျနော့်ညီကို ဖိုးခရုလို့ပဲ ခေါ်ကြပါတယ်။ သူ့နာမည်အရင်းပျောက်ပြီး ဒီနေ့အချိန်အထိ ဖိုးခရုလို့ပဲ အရပ်ထဲ နာမည်တွင်နေပါတော့တယ်။
ကျနော် ရေခြားမြေခြားအရပ်ကို မရောက်ခင်က ဇာတိကို ပြန်ခဲ့ပါတယ်။ ရိတ်သိမ်းချိန် တန်နေပြီဖြစ်တဲ့ စပါးခင်းတွေကို အရပ်ရှစ်မျက်နှာမှာ တွေ့ရပါတယ်။
ကိုယ့်နယ်ကို ပြန်ရောက်တုန်း ဒေသအစားအစာလေး ရှာစားဦးမှပဲလို့ တွေးမိပါတယ်။ တွေးမိတာနဲ့ ခန်းစပြုနေတဲ့ ရိုးချောင်းကလေးမှာ ခရုတွေ လိုက်ကောက်ဖြစ်ပါတယ်။
ကောက်မိတဲ့ခရုတွေက အကောင်ကြီးတွေ များပါတယ်။ အရပ်ထဲကတော့ “ဘာလုပ်မလဲ ရွှေခရုတွေ စားလို့လည်း အရသာမရှိဘူး” လို့ ကျနော့်ကို ပြောပါတယ်။ ကောက်လက်စ ခရုတွေကို ပြုတ်ပြီး သုပ်စားလိုက်ပါတယ်။ အရင်က စားဖူးတဲ့ ခရုတွေလောက် စားကောင်းတဲ့ အရသာကို မရတာတော့ ခံစားမိပါတယ်။
အရင် ခပ်ငယ်ငယ်က ခရု ဆိုတာကို စားခဲ့ရတဲ့အရသာက အခုလို ပေါ့ပြက်ပြက် မဟုတ်ပါဘူး။ ပြုတ်ပြီး အခွံချွတ်လိုက်တာနဲ့ ခရုတွေက သူ့အနံ့နဲ့သူ၊ သူ့အရသာနဲ့သူ ရှိထားပြီးသား ဖြစ်ပါတယ်။ မိုးဦးကျ လေဦးကျ မိုးတပြိုက်နှစ်ပြိုက် ရွာပြီဆိုတာနဲ့ လယ်ကွက်ထဲမှာ ကလေး လူကြီး မရွေး ခရုတွေ လိုက်ကောက်ကြပါတယ်။
ခရု၊ ဖား၊ ပုစွန်လုံးတွေက မိုးကုန်ခါနီးဆို မြေအောက်ထဲဝင်ပြီး တနွေစာ ခိုအောင်းဖို့ ကြိုးစားကြပါတယ်။ ခရုကတော့ မြေထဲအောင်းနေဖို့အတွက် ဘယ်သူနဲ့မှ ရန်လုပ်ပုံမပေါ်ပါဘူး။
သူကိုယ်တိုင် မြေတူးတယ်။ သတ်မှတ်နေရာရောက်တာနဲ့ တနွေစာ အစိုဓာတ်စုမယ်။ သတ်မှတ်နေရာကို သဘာဝကပေးတဲ့ အသိနဲ့ ရအောင်ဖန်တီးပြီး နေကြတယ်လို့ သိရပါတယ်။
နွေရာသီတခုလုံး အခုလို မြေကြီးထဲမှာ နေထိုင်ကြတာပါ။ ပုစွန်လုံးနဲ့ ဖားကတော့ တွင်းထဲ ခိုအောင်းကြဖို့ တိုက်ခိုက်ကြတယ်လို့ ဆရာကြီးသော်တာဆွေက ရေးဖူးပါတယ်။
ဖားက သူကိုယ်တိုင် ကျင်းမတူးနိုင်ဘူး။ ကျင်းမတူးနိုင်တော့ ပုစွန်လုံးတူးထားတဲ့တွင်းထဲ သိသိကြီးနဲ့ အသက်စွန့် ဝင်ရောက်ရတယ်လို့ သူ့စာမှာ ဆိုပါတယ်။ ပုဇွန်လုံးညှပ်လို့ ချက်ကောင်းမိရင်တော့ မလွယ်ဘူးပေါ့။
တနွေလုံး အခုလို နေထိုင်ကြပြီးတဲ့နောက် မိုးရွာလို့ မြေကြီး၊ မြေသား ပျော့သွားပြီဆိုတာနဲ့ တွင်းအောင်းနေကြတဲ့ သတ္တဝါတွေ အပြင်လောကကို ရောက်လာကြတာပါ။
ဒီနှစ် မိုးရာသီအစမှာ ရွှေခရုတွေ စပါးခင်းတွေကို ကိုက်ဖြတ်နေပြီ ဆိုတာကို ကြားရပါတယ်။ ရွှေခရုတွေဟာလည်း သာမန်ခရုတွေလိုပဲ နွေရာသီမှာ တွင်းအောင်းပြီး အသက်ရှင်နေကြပုံ ပေါ်ပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးတဲ့ရာသီမှာ ရွှေခရုအန္တရာယ်ကျရောက်လို့ စပါးစိုက်ခင်း ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးရတဲ့အကြောင်းကို သတင်းတွေမှာ ဖော်ပြကြပါတယ်။ သတင်းတွေမှာ တကြိမ်မက ဖော်ပြတာ၊ နေရာဒေသမတူတဲ့ နေရာတွေမှာပါ ရွှေခရုအန္တရာယ် ကျရောက်လို့ စိုက်ခင်းတွေ ပျက်စီးရတဲ့အကြောင်း ဖော်ပြလာတာတွေ တွေ့မိတဲ့အခါ သံသယတခု ဖြစ်မိပါတယ်။ အဲဒါကတော့ ရွှေခရုတွေဟာ ရာသီအစောဆုံး စပါးစိုက်ခင်းတွေကို ဖျက်ဆီးနေကြပြီလား ဆိုတာပါ။
ဧရာဝတီတိုင်းထဲက စပါးစိုက်ခင်းတွေကို ရွှေခရုတွေ ကျရောက်ပြီး ဧကထောင်ပေါင်းများစွာ ပျက်စီးတဲ့အကြောင်းကို ဒီနှစ်ပိုင်းတွေမှာ ခပ်စိတ်စိတ် ကြားလာရပါတယ်။
ခါတိုင်းနှစ်တွေမှာ ခရုတွေက ဥချရာသီမှာ စပါးစိုက်ခင်းတွေကို ကိုက်ဖြတ်တာတွေ လုပ်တယ်လို့ ကြားသိရပါတယ်။ ခရုတွေ ဥချတဲ့ရာသီဆို စပါးခင်းတွေက ဖုံးတုံးလုံးတုံးအချိန် ရောက်ခါနီးပြီလို့ ပြောလို့ရမှာပါ။
မိုးလလယ် ကျော်ကျော်လောက်မှာ ခရုတွေ ဥချမယ်။ ဥချတဲ့အချိန်မှာ နီးစပ်ရာအပင်တွေပေါ် တက်ပြီး ဥကြတာပါ။ စပါးပင်ပေါ်တက်ပြီး ဥချဖို့လုပ်တဲ့အခါမှာ စပါးပင်ကို ကိုက်သလိုဖြစ်ပြီး အပင်ပျော့တဲ့ စပါးပင်ဟာ ပြတ်သွားတဲ့သဘောလို့ တချို့က သုံးသပ်ကြပါတယ်။
ရွှေခရုပြဿနာက သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာစပြီး ကြုံရတဲ့အခြေအနေတရပ် ဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်ကြောင်းပြန်ပြီး ပြောရရင် ခရုတွေ ဥချရာသီဖြစ်တဲ့ ကာလမှာ ဧရာဝတီတိုင်းက စပါးစိုက်ခင်းတွေ ဧကပေါင်း ရာနဲ့ချီပြီး ပျက်စီးဆုံးရှုံးတာကို ကြုံခဲ့ရပါတယ်။
ဧရာဝတီတိုင်း စိုက်မွေးဝန်ကြီး ဦးစန်းမောင်ပြောတဲ့ ရွှေခရုအကြောင်း
ငပုတောမြို့နယ် အနီးတဝိုက်က စပါးစိုက်ခင်းတွေကို ရွှေခရုတွေ ကိုက်ဖြတ်လို့ လယ်ဧက ၃၀၀ လောက် ပျက်စီးသွားတဲ့အကြောင်း ဝန်ကြီးထံ သတင်းမေးဖို့အတွက် အကြောင်းဖန်လာပါတယ်။ အဲဒီအချိန်မှာ ကျနော်က 7Days သတင်းဌာနမှာ စိုက်ပျိုးရေး၊ မွေးမြူရေး အကြောင်းတွေကို အမေးများ၊ အရေးများတဲ့အချိန်လည်း ဖြစ်ပါတယ်။
“ဝန်ကြီးခင်ဗျာ၊ ငပုတောဘက်မှာ ရွှေခရုတွေ စပါးစိုက်ခင်းတွေကို ကိုက်ဖြတ်တယ်ဆိုတာ ဟုတ်ပါသလား” လို့ ဝန်ကြီးကို ဖုန်းဆက်တော့ “ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင် ကွင်းဆင်းခဲ့ပြီးပါပြီဗျ။ ငပုတော တနေရာတည်း မဟုတ်ပါဘူး။ တခြားနေရာတွေလည်း ရွှေခရုတွေ ကျပါတယ်။ ရွှေခရုတွေက စားလို့ရပါတယ်။ ကျနော်ကိုယ်တိုင် လယ်သမားတွေရှေ့ စားပြခဲ့တယ်” လို့ ဝန်ကြီးက ပြန်ဖြေပါတယ်။
ဝန်ကြီးက ပြန်ဖြေတဲ့ ရွှေခရုကြောင့် ပျက်စီးသွားတဲ့ တခြားနေရာတွေကိုတော့ မမှတ်မိတော့ပါဘူး။ သူပြောပြတဲ့နေရာတွေနဲ့ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ဧကစာရင်းကို ရရှိခဲ့ပါတယ်။ သတင်းရေးတဲ့အခါ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ဧကစာရင်းကို တည်ပြီး ရေးပါတယ်။ အမှတ်ရနေသေးတဲ့အချက်က အဲဒီအချိန်က ရွှေခရုတွေကျလို့ စပါးစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးတာ လယ်ဧက ၇၀၀ နဲ့ ၈၀၀ ကြားပါ။ အခုလို ဧကထောင်ချီတဲ့အထိ မရှိသေးပါဘူး။
နောက်တရက် သတင်းစာထွက်တော့ သတင်းစာ အရှေ့မျက်နှာဖုံးမှာ ထူးခြားဖြစ်ရပ် သတင်းအဖြစ်နဲ့ ဝန်ကြီးပြောတဲ့ ရွှေခရုတွေကျလို့ စပါးစိုက်ခင်း ဧကဘယ်လောက် ပျက်စီးဆုံးရှုံးတဲ့အကြောင်း သတင်းပါလာပါတယ်။ ဝန်ကြီးထံ နောက်ဆက်တွဲ သတင်းပေးဖို့ ဖုန်းဆက်လိုက်ပါတယ်။ ဝန်ကြီးဘက်က ပြန်ပြောတယ်။
“ကျနော်ပြောလို့ ရေးတာတော့ ဟုတ်ပါတယ်ဗျာ။ ကျနော်တော့ နေပြည်တော်ကို ထုချေလွှာ တင်ရတယ်ဗျ။ နောက်ဆက်တွဲ အခြေအနေကိုတော့ သေသေချာချာ စိစစ်ပြီးမှပဲ ပြောပြပေးပါမယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာလည်း ရွှေခရုပြဿနာဟာ အမျှင်မပြတ် ပါလာပါတယ်။ ဧရာဝတီတိုင်းထဲက ရွှေခရုတွေကျလို့ စပါးခင်းတွေ ပျက်စီးတဲ့ အခြေအနေကို စုံစမ်းပေးဖို့၊ ဖော်ထုတ်ပေးဖို့ ဆိုင်ရာကို တာဝန်ပေးတယ်လို့ ကြားသိရပါတယ်။
ထိရောက်ကျယ်လောင်တဲ့ တုံ့ပြန်ရှင်းလင်းချက်မျိုး သတင်းတွေမှာ တက်လာတာတော့ မတွေ့ရပါဘူး။ ဆိုင်ရာဆိုင်ရာနေရာကနေ တင်ပြတာ၊ ဆွေးနွေးတာ၊ ညွှန်ကြားတာမျိုး ရှိကောင်းရှိမယ်လို့ ထင်ရပါတယ်။ အပြင်မှာတော့ ရွှေခရုအကြောင်းကို ပြောသံ သိပ်မကြားရတာမျိုး ရှိခဲ့ပါတယ်။
ပညာရှင်တချို့ရဲ့ သုံးသပ်ချက်တွေထဲက တခုကို ဖတ်မိလိုက်ပါတယ်။ ပြည်ပကဝင်လာတဲ့ မျိုးစေ့တွေကနေ ရွှေခရုမျိုးစိတ်တွေ ပါလာတာမျိုး ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပါ။
ပြည်ပကတင်သွင်းတဲ့ မျိုးစေ့တွေထဲ ကပ်ပါးပိုးလိုအရာတွေ ပါလာနိုင်တာမျိုးကို သေချာစိစစ်ပြီး လက်ခံရမယ်ဆိုတဲ့ ခိုင်မာတဲ့ မျိုးစေ့ဥပဒေသတ်မှတ်ချက် မရှိခြင်းက ခုလိုမျိုးပြဿနာတွေကို ကြုံရမှာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ရွှေခရုဟာ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး မျိုးပွားရှင်သန်သလဲဆိုတဲ့ အချက်နဲ့ မျိုးပွားပြန့်ပွားနေတာကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတဲ့အချက်ကို ဒီမိုကရေစီ ဖော်ဆောင်ကြတဲ့ အစိုးရသက်တမ်း နှစ်ဆက်က ထိရောက်အောင် မလုပ်နိုင်ခဲ့ဘူး ဆိုတာတော့ ထင်ရှားပါတယ်။
စိတ်မကောင်းစရာနဲ့ စိုးရိမ်စရာ အခြေအနေတခုက ရွှေခရုတွေဟာ ခုနှစ်မိုးရာသီအစမှာပဲ စိုက်ခင်းတွေကို ကိုက်ဖြတ်နေပြီ ဆိုတာပါ။ အရင်က ဧရာဝတီတိုင်းအတွင်းက စပါးစိုက်ခင်းတွေမှာသာ ရွှေခရုတွေ ကိုက်ဖြတ်ဖျက်ဆီးတယ်လို့ ကြားသိရတာပါ။ အခုတော့ ရှမ်းပြည်နယ်၊ အင်းလေးဒေသလို နေရာတွေမှာပါ ရွှေခရုတွေဟာ စိုက်ခင်းတွေကို ကိုက်ဖြတ် ဖျက်ဆီးနေတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြလာကြပါတယ်။
ရွှေခရုတွေဟာ စပါးစိုက်ခင်းတွေနဲ့ တခြားတခြားသော စိုက်ခင်းတွေကို ဘယ်လောက်အထိ ဖျက်ဆီးဦးမလဲ။ ဘယ်ဒေသတွေမှာ ဘယ်လောက်အတိုင်းအတာအထိ မျိုးပွားရှင်သန်နေကြသလဲ ဆိုတာကိုတော့ မသိနိုင်ပါဘူး။
ဒီလို စိုးရိမ်စရာ အခြေအနေတွေကို စစ်ကောင်စီ အာဏာသိမ်းထားတဲ့ လတ်တလော ကာလမှာလည်း ထိန်းချုပ်ကန့်သတ်နိုင်ဦးမှာ မဟုတ်သေးဘူး ဆိုတာကိုသာ တွက်ဆနေမိပါတော့တယ်။
တာပလု