Home
မြန်မာသတင်း
ဓာတ်မြေဩဇာ ရည်ညွှန်းဈေး အနည်းငယ် မြင့်လာ
DVB
·
August 25, 2024

စစ်ကောင်စီ လက်အောက်ခံ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက ထပ်မံသတ်မှတ်လိုက်တဲ့ ဓာတ်မြေဩဇာ ရည်ညွှန်းဈေးတွေ အနည်းငယ် မြင့်လာပါတယ်။

ကော်မတီဟာ တောင်သူတွေ အဓိကသုံးစွဲနေတဲ့ မြေဩဇာ အမျိုးအစား ၃ မျိုးကို ရည်ညွှန်းဈေး သတ်မှတ်ထုတ်ပြန်ပေးထားတာဖြစ်ပြီး ဩဂုတ် ၁၆ ကနေ စက်တင်ဘာ ၁၅ ရက်အထိ အဲဒီရည်ညွှန်းဈေးနှုန်းတွေက အကျုံးဝင်မှာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတအိတ်ကို ကျပ် ၈၃,၀၀၀၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်ကို ကျပ် ၁၁၅,၀၀၀ နဲ့ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်ကို ကျပ် ၁၂၈,၀၀၀ သတ်မှတ်လိုက်တာပါ။

အရင်ဈေးနှုန်းထက် ယူရီးယားမြေဩဇာက တအိတ်ကို ကျပ် ၁၀,၀၀၀ ဝန်းကျင် မြင့်လာပြီး၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်က ၆,၀၀၀ ကျပ်နှုန်းထား မြင့်လာပါတယ်။

ဒီဈေးနှုန်းတွေက ရန်ကုန်အထိုင်ဈေးနှုန်း‌တွေ ဖြစ်တာကြောင့်  သယ်ယူပို့ဆောင်စရိတ်အပေါ် မူတည်ပြီး ဒေသအလိုက် ဈေးနှုန်းအနည်းငယ် ပြောင်းလဲမှုရှိနိုင်တယ်လို့လည်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုး‌စေ့နဲ့ စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက အသိပေး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးတွေနဲ့ ရောင်းချခြင်း မရှိတာကို တွေ့ရှိပါက တိုင်ကြားနိုင်တယ်လို့လည်း အသင်းက ဆိုထားပါတယ်။

အခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်မှာ ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းဖို့ လျာထားပြီး ၂၀၂၄ ဘဏ္ဍာနှစ် အစကနေ ဇူလိုင် ၂၂ ရက် အထိ ဓာတ်မြေဩဇာ တန်ချိန် ၄ ဒသမ ၃၄ သိန်း တင်သွင်းထားပြီး ဖြစ်တယ်လို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စိုက်ပျိုးရေး သွင်းအားစုတွေ သုံးလေးဆ မြင့်တက်လာတာကြောင့် တောင်သူတွေအနေနဲ့ ဓာတ်မြေဩဇာလို စိုက်ပျိုးရေး သွင်းအားစုတွေ လုံလုံလောက်လောက် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ တဖက်မှာလည်း စစ်ကောင်စီဟာ ဆန်ဈေးတွေကို ရည်ညွှန်းဈေးသတ်မှတ်ပြီး ရောင်းဝယ်စေတာကြောင့် စပါးဈေးကျပြီး အချို့နေရာတွေမှာ ဝယ်လက်မရှိသလောက် ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013