Home
မြန်မာသတင်း
ဘောလခဲနှင့် ပခုက္ကူက  စစ်သား ၂ ဦး၊ ရွှေဘို ပျူစောထီး ၂ ဦးတို့ လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
February 6, 2025
Photo-ရွှေဘို ပကဖ
Photo- Burma Revolution Rangers

ကရင်နီပြည်နယ်၊ ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်းက စစ်ကောင်စီ တပ်သားတယောက်ဟာ ကရင်နီပြည် အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် ၉ ဆီမှာ လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က KNDF တပ်ရင်းဆီ MA -11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့အတူ ခက်ခက်ခဲခဲ ရုန်းထွက်လာပြီး ဘက်ပြောင်းခိုလှုံတာလို့ သိရပါတယ်။

သူဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး စတင်ခေါ်ယူတဲ့ အပတ်စဥ် ၁ မှာ မဲပေါက်ပြီး စစ်သင်တန်းတက်ရကာ ၂၀၂၄ ခုနှစ် ဇွန်လမှာ ခမရ ၄၂၉ တပ်ရင်းကို ရောက်ရှိလာပြီး အာဏာရှင်အတွက် ပြည်သူအချင်းချင်း မသတ်ဖြတ်လိုတာ၊ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ပြီး ဘဝကို ဖြတ်သန်းလိုတာကြောင့် ရုန်းထွက်လာခဲ့တယ်လို့ ဆိုပါတယ်။

KNDF ပြန်ကြားရေးတာဝန်ခံက “အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်ပါနဲ့။ အာဏာရှင်က တဖြည်းဖြည်း ပြုတ်ကျဖို့ အချိန်နီးလာပြီ။ အဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါ။ ပြည်သူက အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီတပ်သား ၄ ယောက်က သေနတ် ၃ လက်နဲ့ ဘက်ပြောင်းခိုလှုံလာပြီး ၃ လအတွင်းမှာ တပ်သား ၅ ယောက် လက်နက် ၄ လက်နဲ့ KNDF တပ်ရင်း ၉ မှာ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ တလတာအတွင်း ဒုအရာခံဗိုလ်တယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်က လက်နက် ၇ လက်နဲ့အတူ KNDF တပ်ရင်းအသီးသီးကို ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီး ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြသလို စစ်ကောင်စီလက်အောက်ခံတွေ အလင်းဝင်ကြဖို့ ဖိတ်ခေါ်စာတွေကို ရွှေဘို ပကဖက ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ သိရပါတယ်။

ရွှေဘို ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “ညောင်ကိုင်းပျူရွာက ပျူစောထီး ၂ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာကြတာပါ။ သူတို့ ၂ ယောက်က အလင်းဝင်တဲ့ ရက်ချင်းတော့ မတူကြပါဘူး။ သူတို့တွေ လာနိုင်တဲ့နေရာအထိကို သွားခေါ်ခဲ့ရတာပါ။ ဆုကြေးငွေအနေနဲ့ကတော့ လောလောဆယ် သူတို့တွေအတွက် တယောက်ကို သိန်း ၂၀ စီ ချီးမြှင့်ပေးထားပါတယ်” လို့ ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာကြတဲ့ ပျူစောထီးအဖွဲ့ဝင်တွေထဲက ပထမဝင်ရောက်လာသူဟာ ဇန်နဝါရီ ၃၀ ရက်မှာ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကာဘိုင်ကျည်အတောင့် ၁၈၀၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒုတိယတယောက်ကတော့ ဖေဖော်ဝါရီ ၂ ရက်မှာ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ကာဘိုင်ကျည် ၁၅၄ တောင့်တို့ ယူဆောင်လာပြီး ထပ်မံအလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကလည်း ရွှေဘိုမြို့နယ်ထဲက ကျောက်မြောင်းမြို့အခြေစိုက် ခမရ ၁၂ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းခံရကာ စစ်သင်တန်းဆင်းပြီးသား စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်လည်း လက်နက်ခဲယမ်းတွေနဲ့အတူ ရွှေဘို ပကဖ ဆီကို အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဖေဖော်ဝါရီ ၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း ညောင်ကိုင်း ပျူစောထီးကျေးရွာထဲက စစ်ကောင်စီလက်အောက်ခံတွေ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေပါတဲ့ ဖိတ်ခေါ်စာတွေကို ဒရုန်းနဲ့ ကြဲချခဲ့သေးတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ပကဖ ​တာဝန်ခံက “ညောင်ကိုင်းပျူစောထီးရွာက ရွှေဘိုအနောက်ခြမ်းက တိုက်နယ် ၃ နယ်မြေထဲမှာ ရှိတာပါ။ သူတို့တွေကို အချိန်မီ အလင်းဝင်နိုင်ကြဖို့နဲ့ အချိန်မီ အလံဖြူထောင်ကြဖို့ ဖိတ်ခေါ်တဲ့စာတွေကို ရွှေဘို ပကဖ က ညောင်ကိုင်းရွာထဲကို ဒရုန်းနဲ့ ကြဲချပေးခဲ့တာပါ။ သူတို့ အလင်းဝင်လာကြတာကို အချိန်မရွေး ကြိုဆိုတယ်။ အချိန်မီ ထွက်မလာခဲ့တာတွေ ရှိခဲ့ရင်တော့ စစ်ရေးအရ ချေမှုန်းဖို့လည်း အားလုံးပြင်ဆင်ထားပြီးသားပါ။ ပြောချင်တာက အလင်းဝင်ရောက်တာ များလာရင် တော်လှန်ရေးကလည်း မြန်သွားမှာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ရွှေဘို ပကဖနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ အဆိုပါ ညောင်ကိုင်းပျူစောထီးကျေးရွာကို ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားတာလို့ ပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ​တာဖြစ်သလို စစ်ကောင်စီလက်အောက်ကနေ ထပ်မံအလင်းဝင်လိုကြသူတွေ များစွာရှိနေသေးတာကြောင့် အလင်းဝင်ရောက်လိုသူတွေအနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ပကဖတွေဆီကို အချိန်မရွေး ဆက်သွယ်ပြီး အလင်းဝင်ရောက်ကြဖို့နဲ့ အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီလက်အောက်ခံတွေကိုလည်း လူ့အခွင့်အရေးနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး အသက်အန္တရာယ် လုံခြုံရေးအတွက် အပြည့်အဝ တာဝန်ယူတယ်လို့လည်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဖြစ်လာသူတယောက်ဟာ ဖေဖော်ဝါရီ ၁ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Burma Revolution Rangers က ဖေဖော်ဝါရီ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Burma Revolution Rangers ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ မှာ တာဝန်ကျနေတဲ့ တပ်သားသစ်တဦးက သူ့တပ်ထဲကနေ လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာပြီး ကျနော်တို့တပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာတာပါ။ လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်နေရတာရယ်၊ သူ့ရဲ့ လုံခြုံရေး အတွက်ရယ်ကြောင့် အခုမှ သတင်းထုတ်ပြန်ရတာ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ် စုဆောင်းခံရသူ ကိုဝင်းဆန်းထွေး (ကိုယ်ပိုင်အမှတ် ပစ-၁၂၇၈၀၆) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းမှာ သူတာဝန်ကျရာ ခလရ ၂၅၂ ကနေ လက်နက်ခဲယမ်းတွေနဲ့အတူ ထွက်ပြေးလာခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ Burma Revolution Rangers ဆီကို အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

Burma Revolution Rangers အဖွဲ့ တာဝန်ခံ ဗိုလ်ကာတွန်းက “သူက စစ်မှုထမ်းအပတ်စဥ် ၆ သင်တန်းဆင်းခဲ့ရတာပါ။ ခရီးသွားရင်း အဆွဲခံရတာလို့ သိရတယ်ဗျ။ သူ့ရဲ့ဆုံးဖြတ်ချက်က ပြတ်သားတယ်။ ကျနော်တို့နဲ့အတူ စကစကို ပြန်တိုက်မှာတဲ့။ အခုတော့ သူက ကျနော်တို့အဖွဲ့ထဲမှာ ဒီကရဲဘော်တွေနဲ့အတူပဲ ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ကိုဝင်းဆန်းထွေးဟာ MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နဲ့ 5.56 ကျည်အတောင့် ၁၂၀ တို့နဲ့အတူ အလင်းဝင်ရောက်လာတဲ့အတွက် ဆုငွေ သိန်း ၁၀၀ နဲ့ Redmi Note 13 Pro ဟန်းဆက်တလုံးကို ပေးအပ်ချီးမြှင့်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသူတွေအနေနဲ့လည်း ကိုဝင်းဆန်းထွေးကို အတုယူပြီး နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံးအလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့လို့လည်း Burma Revolution Rangers က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013