Home
မြန်မာသတင်း
အင်းတော်ကြီးနှင့် မြစ်ဆုံဘက်ကို စစ်ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်
DVB
·
February 6, 2025

ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်နဲ့ ဗန်းမော်မြို့ ပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းအများစကို KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ စကခ ၂၁ နဲ့ အနီးက ခလရ ၂၃၆၊ ခလရ ၄၇၊ ထောက်ပို့တပ်စခန်းတည်ရှိတဲ့ ၄ မိုင်ပတ်ဝန်းကျင်၊ နမ့်ဖား ဗန်းမော် တက္ကသိုလ်တွေမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်က သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဗန်းမော်မြို့က စစ်ကောင်စီနေရာ အများစုကို KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေချိန် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသကို စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး စစ်ရေးဖော်နေသလို မြစ်ကြီးနားမြို့နယ် နဲ့ ဆွမ်ပရာဘွမ်မြို့နယ်အစပ်ဘက်ကိုလည်း စစ်အင်အား ၁၀၀၀ ဝန်းကျင်နဲ့ KIA တည်ရှိတဲ့နေရာတွေကို စစ်ကြောင်းထိုးပြီး စစ်ရေးဖော်ဆောင်နေတယ်လို့ မြစ်ကြီးနားမြို့က ဒေသခံတယောက်က ပြောပါတယ်။

“အင်းတော်ဘက်မှာက ရှမ်းနီတပ်တွေ အရမ်းထိုးလာတယ်လို့ ကြားတယ်။ တယန်ဇွပ်ကတော့ မြစ်ကြီးနားမြို့နယ် အစွန်ပေါ့၊ တဘက်မှာက ဆွမ်ပရာဘွမ်မြို့နယ်၊ အဲဒီ တယန်ဇွပ်ကို စစ်တပ်က လိုချင်လို့ ပြန်ထိုးနေတာထင်တယ်၊ မြစ်ဆုံအထက်ဘက်ကနေ ထိုးနေတယ် အင်အား ၁၀၀၀ ဝန်းကျင်လောက်တော့ ရှိပြီလို့ ကြားထားတယ်။” 

စစ်ကောင်စီဘက်က နယ်မြေ အနေအထားအရ အရေးပါတဲ့ တယန်ဇွပ်ကို ထိန်းချုပ်ဖို့နဲ့ ဗန်းမော်ဘက်က စစ်ရေးကို လျှော့ချလိုတာကြောင့် ဖြစ်နိုင်တယ်လို့ မြစ်ကြီးနားမြို့ခံတယောက်က ပြောပါတယ်။

အင်းတော်ကြီး အိုင်အနောက်ဘက်ခြမ်းက ပြည်သူတွေလည်း စစ်ပွဲတွေဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့ပေါ်မှာ စကခ ၂၁ နဲ့ ခလရ ၂၃၆ တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်ရော ဒရုန်းတွေနဲ့ပါ ပြင်းထန်စွာ ဟန့်တားတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဗန်းမော် ၄ မိုင် ထောက်ပို့တပ်ရင်းဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက မြို့ပေါ်မှာ ပြောက်ကျားစစ်ကြောင်းထိုးလှုပ်ရှားနေကြပြီးတော့ မြို့ပေါ်မှာ နေအိမ်စောင့်ဖို့ ကျန်ရှိနေတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဗန်းမော်မြို့ပေါ်က ဒေသခံတယောက်က ပြောပါတယ်။

“ဖေဖော်ဝါရီလ ၂၊ ၃ ရက်နေ့လောက်က ဖြစ်မယ်။ ဒီ ဘူဒိုဇာဘက်မှာ နေအိမ်စောင့်ဖို့ ကျန်နေတဲ့ မိသားစု ၃ ယောက်ကို စစ်တပ် (စကစ) စစ်သားတွေ ရောက်လာပြီး ဖမ်းခေါ်သွားတယ်၊ ဘယ်ရောက်သွားလဲ မသိရသေးဘူး၊ အဆက်အသွယ်လဲပြတ်နေတယ်။ အဲမိသားစုမှာ အမျိုးသမီး တယောက်ပါတယ်၊ တခြားအိမ်စောင့်တွေကော ဖမ်းခံရတယ်လို့ ကြားတယ်၊ ကျန်တဲ့သူတွေတော့ ဘယ်လောက်ပါသွားလဲ မသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း တချို့က တပ်စခန်းတွေကနေ ထွက်ခွာပြီးတော့ ဗန်းမော် စုပေါင်းရုံးနဲ့ မြို့နယ်ရဲစခန်း ပတ်ဝန်းကျင်တွေမှာ ပြောက်ကျား လှုပ်ရှားနေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

ဗန်းမော် အမြောက်တပ်ဌာနချုပ် အမှတ် ၃၆၆ နဲ့ အမှတ် ၂ လျှပ်စစ်တပ်စခန်းတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာလည်း သံချပ်ကာတပ်ရင်း အမှတ် ၇၀၀၆ ကို အပြီးသိမ်းပိုက်ရရှိထားပြီးတော့ သံချပ်ကာ ကား ၇ စီးကို သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

ဗန်းမော်က စစ်ကောင်စီတပ်သားတချို့က လက်နက်ချ အလင်းဝင်ရောက်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013