Home
မြန်မာသတင်း
စစ်ဘေးရှောင်ပြည်သူများအားကူညီရန် မင်းသမီး ပိုင်ဖြိုးသု အကယ်ဒမီရုပ်ကမ်ပိန်း စတင် 
DVB
·
February 5, 2025

နိုင်ငံကျော် ရုင်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုက စစ်ဘေး‌သင့်ဒေသက မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် အကယ်ဒမီရုပ်ကမ်ပိန်း စတင်ပြုလုပ်နေပြီး ပရိသတ်တွေအားလုံး ပါဝင်ပေးဖို့ တိုက်တွန်းထားပါတယ်။

အဲဒီကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ပြည်သူတွေက ကိုယ်တတ်နိုင်တဲ့ ပမာဏကို ထည့်ဝင်နိုင်တဲ့ Open Donation ပုံစံပြုလုပ်ထားပြီး လှူဒါန်းမှု တကြိမ်စီတိုင်းအတွက် မဲနံပါတ်ပါတဲ့ ဂုဏ်ပြုမှတ်တမ်းတစောင်ကို ရရှိမှာဖြစ်ပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကြမယ့်သူတွေအတွက် ရွှေတကျပ်သားပါတဲ့ ပိုင်ဖြိုးသုရဲ့ အကယ်ဒမီ ရွှေစင်ရုပ်တု၊ ပိုင်ဖြိုးသုရဲ့ လက်မှတ်ပါ ရွှေဆွဲကြိုးတကုံး၊ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် ၃ ရံ စတာတွေကို ဖေဖော်ဝါရီ ၂၁ ရက်မှာ သရုပ်‌ဆောင် ပိုင်ဖြိုးသု ကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးသွားမယ်လို့ ဆိုပါတယ်။

Artists’ Shelter ကနေ ပြုလုပ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ် ကမ်ပိန်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကနေ ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၄၂ ဖွဲ့ဆီကနေ ကမ်ပိန်းမှာ ပါဝင်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုအယ်(လ်)မင်းပြည့်မွန် “စစ်ဘေးသင့်တဲ့ဒေသတွေက ပြည်သူတွေကို ကူညီသွားဖို့ရှိတယ်။ ပြည်နယ်နဲ့ တိုင်းတွေရှိမယ်၊ စစ်ကိုင်းတို့ ဘာတို့လည်း ပါတာပေါ့လေ၊  အဓိကအားဖြင့် ကျနော်တို့က စစ်ဘေးရှောင်အတွက် အဓိက သုံးမယ်ပေါ့လေ။ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှု စသဖြင့် အထောက်အပံ့တွေ ပါတာပေါ့လေ။ တခြား ရှေ့မှာလည်း ရုပ်ရှင်ပြပွဲတွေ လုပ်ခဲ့တယ်ပေါ့လေ။ ရန်ပုံငွေတွေ ရှာဖွေပြီးတော့မှ ပြည်သူတွေဆီ သွားတယ်ဆိုတော့လေ။ ပြည်သူတွေဆီ မြန်မြန်‌ရောက်သွားအောင် များများရောက်သွားအောင် ကြိုးစားတယ်။ ဒါပေမဲ့လည်း တခါတည်းနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ဘူး၊ ဒီစစ်ပွဲတွေရှိနေသမျှ တိုင်းပြည် မငြိမ်သက်သမျှတော့ တောက်လျှောက်ရှိနေမှာပဲ ဆိုတော့ အဲဒီကနေ ရတဲ့ဟာတွေက တစိတ်တပိုင်း အထောက်အကူ ဖြစ်သွားမယ်ဆိုရင်ပဲ ကျနော်တို့က ဝမ်းသာပြီ” လို့ ပြောပါတယ်။

သရုပ်ဆောင်တွေအတွက် အကယ်ဒမီဆိုတာ ဘဝမှတ်တိုင်တခုဖြစ်ပြီး သူ့ဘဝအတွက်လည်း အကြီးဆုံးမှတ်တိုင်တွေထဲက တခုဖြစ်တယ်လို့ သရုပ်ဆောင် ပိုင်ဖြိုးသုက ဆိုပါတယ်။

“ဘယ်ရွေ့ဘယ်မျှ ထောက်ပို့ပေးနိုင်မယ် ဆိုတာထက် တကယ်လိုအပ်နေတဲ့‌ နေရာတွေကို တတ်နိုင်သလောက်တော့ များများလှူပေးနိုင်တာပေါ့နော်။ အမှန်အတိုင်းပြောရရင် တော်လှန်ရေးကာလ ၄ နှစ်‌ကျော်လာပြီဆိုတော့ ပြည်သူတွေလည်း ပင်ပန်းနေကြတယ်၊ အစစအရာရာ ကျပ်တည်းနေတဲ့အချိန်ဆိုတော့ ပိုအဆင်ပြေတဲ့သူက အဆင်မပြေတဲ့သူကို ထောက်ကူတဲ့သဘောပဲ။ သုသုနဲ့အတူ တော်လှန်ရေးက မောင်နှမတွေ သုသုနဲ့အတူ ရုပ်ရှင်ရိုက်ခွင့် ရခဲ့တုန်းက ပရိသတ်တွေ‌ရောပါတဲ့ စုပေါင်းအလှူလို့ သတ်မှတ်ထားတယ်။ အဲဒါကြောင့် များများလေးတော့ လှူခွင့်ရချင်ပါတယ်။”

အကယ်ဒမီရုပ် ကမ်ပိန်းကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအနှံ့က စစ်ဘေးရှောင်စခန်းတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ မသန်စွမ်းအရေး ကိစ္စတွေကို ဆောင်ရွက်နေကြတဲ့ အဖွဲ့ပေါင်း ၅၀ ကျော်ဆီကို ပျံ့နှံ့ရောက်ရှိသွားအောင် ထောက်ပံ့ ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ Artists’ Shelter အဖွဲ့ဆီကနေ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013