Home
မြန်မာသတင်း
တော်လှန်ရေးမဟာမိတ် အချင်းချင်း ပြဿနာမဖြစ်စေရေး စောင့်ထိန်းကာကွယ်ရန် KIO ခေါင်းဆောင်တိုက်တွန်း 
DVB
·
February 5, 2025
Photo-KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ

မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်ရေးမဟာမိတ်တွေ အချင်းချင်းလက်တွဲကူညီဖေးမဖို့ လိုအပ်သလို အချင်းချင်းကြားမှာ ပြဿနာ မဖြစ်လာအောင် စောင့်ထိန်းကာကွယ်ရမယ်လို့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မှာကျရောက်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့တော်လှန်ရေး   (၆၄) နှစ်မြောက်အထိမ်းအမှတ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အချင်းအချင်း မြေနေရာ အငြင်းပွားမှု ပိုပြီး ဖြစ်လာတာကို မြင်တွေ့လာရတယ်လို့ KIO ဥက္ကဋ္ဌက ရည်ညွန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက “လက်ရှိ ရှမ်းပြည်မြောက်ပိုင်းမှာ နယ်မြေလုအငြင်းပွားမှုတွေ အဖြစ်များနေပါတယ်။ လူအင်အား၊ စစ်လက်နက်အင်အား သက်သက်နဲ့ နယ်မြေချဲ့ထွင်အု အုပ်စိုးနိုင်တာ မဟုတ်ပါ။ ဒေသခံ ရှမ်းပြည်သူတွေနဲ့ ကချင်ပြည်သူတွေရဲ့ ထောက်ခံမှု ပါဝင်ရမယ်ဆိုတာကို အားလုံး သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ နယ်မြေလုအ ငြင်းပွားနေတာဟာ အတူနေဒေသခံလူမျိုးတွေကြား ပြဿနာပွားများစေတဲ့ ကိစ္စသာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိကာလမှာ ဒေသတွင်းအခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြု စည်းဘောင်ထားရှိပြီး ဘုံရန်သူကို တိုက်ခိုက်ဖို့ လိုအပ်ပါတယ်”လို့ပြောပါတယ်။

အခုလို မြေနေရာအငြင်းပွားမှုဖြစ်တဲ့ ပြဿနာဟာ ဒေသအတွင်းမှာနေထိုင်တဲ့ ပြည်သူလူထု အချင်းချင်းကြား လူမျိုးရေးပြဿနာကိုသာ ပိုမိုကြီးထွားလာနိုင်တဲ့ကိစ္စဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်ရေးအချင်းချင်း အပြန်အလှန်လေးစား အသိအမှတ်ပြုကြဖို့လည်း မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုထားပါတယ်။

KIO ဗဟိုကော်မတီဟာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို အစဉ်မပြတ် လုပ်ဆောင်နေခဲ့ပြီး တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲတာ၊ ပူးပေါင်းလုပ်ဆောင်တာ၊ ဦးဆောင်တာတွေအပြင် တတ်စွမ်းနိုင်တဲ့ အတိုင်းအတာနဲ့ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့သလို ဆက်လက်လုပ်ဆောင်နေဆဲလည်း ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဆိုပါတယ်။

ဒီလိုကူညီထောက်ပံ့တာဟာ (KIO) က ချမ်းသာကြွယ်ဝနေလို့ မဟုတ်ဘဲ သူတပါးရဲ့ နယ်မြေကို လုယူလိုတဲ့ ဆန္ဒရည်ရွယ်ချက်လည်း မရှိသလို စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကြောင့် ဖိနှိပ်ခံနေရတဲ့ ဘဝကနေ လွတ်မြောက်စေလိုတဲ့ မျှော်မှန်းချက်နဲ့ ကူညီထောက်ပံ့ခြင်းသာ ဖြစ်တယ်လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်က ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်နိုင်ဖို့နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိတဲ့ ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်လာရေးအတွက် လက်တွဲသင့်လက်တွဲထိုက်သူအားလုံးနဲ့ ပူးပေါင်းအားထုတ်ကြိုးစားနေတာကြောင့် ကချင်တမျိုးသားလုံးဟာ တွေဝေနေခြင်း မရှိဘဲ သမိုင်းကြွေးမတင်အောင် အတူတကွစည်းလုံး အားထုတ်ကြဖို့လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကိုလည်း နိုင်ငံတော်ငြိမ်းချမ်းရေးကို စစ်မြေပြင်မှာ အဖြေမရှာဘဲ မိမိဆုပ်ကိုင်ထားတဲ့ အာဏာကို နိုင်ငံတော် ငြိမ်းချမ်းရေးအတွက် အသုံးပြုသွားဖို့လည်း မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံထဲက နိုင်ငံရေးပါတီကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ပြည်သူတွေရဲ့ အကျိုးကို အခြေပြုပြီး ပြည်သူဘက်ရပ်တည်တဲ့ပါတီနဲ့ စစ်တပ်ဘက်ရပ်ပြီး စစ်တပ်နိုင်ငံရေး ရပ်တည်ချက်ကို ခိုင်မာစေတဲ့ နိုင်ငံရေးပါတီတွေဆိုပြီး ၂ မျိုးရှိတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ နိုင်ငံရေးပါတီတွေအားလုံး ပြည်သူတွေဘက် ရပ်တည်ပြီး ပြည်သူတွေအကျိုးအတွက် အခြေပြုပြီးထမ်းဆောင်တဲ့ နိုင်ငံရေးပါတီတွေ ဖြစ်လာအောင် ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ရပ်တည်စေချင်ပါတယ်။ စစ်ကောင်စီနဲ့အတူ ကျရှုံးတဲ့ နိုင်ငံရေးပါတီတွေ မဖြစ်သွားအောင် ပြောင်းလဲကြဖို့ အမြင်သဘောထားပေးလိုပါတယ်။”

တော်လှန်ရေးတိုက်ပွဲမှာ အသက်ပေးခဲ့ကြ၊ ကိုယ်အင်္ဂါဆုံးရှုံးခဲ့ကြရတဲ့ KIO ရဲဘော်တွေ၊ မဟာမိတ်တော်လှန်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေအားလုံးကို နှမြောတမ်းတ ချစ်ခြင်း မေတ္တာစိတ်နဲ့ လေးစားဂုဏ်ယူနေတယ်လို့လည်း KIO ခေါင်းဆောင်က ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာ ၂၅ ရက်မှာစတင် ဖွဲ့စည်းခဲ့ပြီး၊ ကချင်လွတ်လပ်ရေးကောင်စီ (Kachin Independence Council – KIC) ကို ၁၉၆၁ ခုနှစ် ဇန်နဝါရီလမှာ ဖွဲ့စည်းခဲ့ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA) ကို ၁၉၆၁ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

KIO က နိုင်ငံရေး၊ စစ်ရေး မူဝါဒတွေ ချမှတ်ဦးဆောင်ပြီး KIC က ဌာနဆိုင်ရာယန္တရားတွေကို စီမံအုပ်ချုပ်ကာ KIA က KIO ရဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အဖြစ်ရပ်တည် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024