
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ရပ်ကွက်တွေအတွင်း ရေမြောင်းနဲ့ လမ်းတံတားတွေမှာ အမှိုက်တွေ လာရောက်စွန့်ပစ်သူတွေ များလာပြီး အမှိုက်တွေပြည့်နှက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိတ်မြို့မှာ ကိုယ်ထူကိုယ်ထလည်ပတ်တဲ့ စနစ်မျိုးနဲ့ ရပ်ကွက်တိုင်းမှာ အမှိုက်သိမ်းကားတွေ အနည်းဆုံးတစီးစီ တာဝန်ယူထားရှိကြပြီး အမှိုက်သိမ်းကားတွေအတွက် လစဉ်ကြေး ပေးဆောင်ကြရတာ ဖြစ်ပါတယ်။
လူဦးရေထူထပ်တဲ့ မြိတ်တောင်နယ်မြေဘက်မှာ ရေမြောင်းတွေ၊ လမ်းတံတားတွေအောက်မှာ စွန့်ပစ်ပစ္စည်းတွေ ပေါများနေပြီး အမှိုက်သိမ်းကားတွေ အရောက်အပေါက်နည်းတာကြောင့် လူတွေဟာ လမ်းတံတားတွေအောက်မှာ အမှိုက်လာစွန့်ပစ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြိတ်မြို့ခံတယောက်က “ကိုယ်ထူကိုယ်ထ အမှိုက်ကားတွေ ရပ်ကွက်တိုင်းမှာရှိတယ်။ ပိုက်ဆံမပေးနိုင်လို့လား၊ အမှိုက်ကား မလာလို့လားပေါ့။ လူတွေနဲ့ပဲ ဆိုင်မယ်ထင်တယ်၊ အမှိုက်ကားတွေက ရပ်ကွက်တိုင်းမှာရှိတာကို ဒီမြောင်းမှာပဲ လာပစ်နေကြတာဆိုတော့လေ” လို့ ပြောပါတယ်။
အမှိုက်ကား ပုံမှန်လာရောက်တဲ့ မြိတ်မြို့၊ ပါရမီရပ်ကွက်မှာတော့ အမှိုက်သိမ်းကားအတွက် လစဉ် ကျပ် ၅,၀၀၀ ပေးဆောင်ရပြီး စားသောက်ဆိုင်လို လုပ်ငန်းတွေကတော့ ကျပ် ၁၀,၀၀၀ ပုံမှန် ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်ဘက်မှာတော့ အမှိုက်သိမ်းကားက တလမှာ ၂ ကြိမ်ခန့်သာ လာလေ့ရှိပြီး လစဉ် ကျပ် ၂,၅၀၀ ဝန်းကျင်သာ ပေးဆောင်ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
အရင် NLD အစိုးရလက်ထက်မှာတုန်းက အမှိုက်သိမ်းကားတွေ တပတ်မှာ နှစ်ကြိမ် ပုံမှန်ကောက်ယူနေတဲ့အတွက် ရပ်ကွက်တွေထဲမှာ စွန့်ပစ်အမှိုက်တွေ သိသိသာသာ လျော့နည်းသွားတယ်လို့ သိရပါတယ်။