
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မြို့ပေါ်ရပ်ကွက်ထဲက လူနေအိမ်ပေါ်ထိ တက်ပြီးတော့ လူငယ်တွေကို ဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေကို စစ်ကောင်စီတပ်နဲ့ ရဲသတင်းပေးတွေက ပူးပေါင်းကြံစည် လုပ်ဆောင်လာတယ်လို့ မြိုခံတွေထံက သိရပါတယ်။
မြိတ်မြို့၊ ပါရမီရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက် ည ၈နာရီခွဲလောက်မှာ ရဲသတင်းပေးဆိုသူက မူးယစ်ဆေးရောင်းသမားလို့ ဟန်ဆောင်ကာ နေအိမ်ထဲဝင်ပြေးပြီးနောက် ခဏအကြာမှာ ရဲနဲ့ စစ်သားတွေက လိုက်ဖမ်းဆီးသလိုပုံစံနဲ့ အကွက်ချစီစဉ်ပြီး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မူးယစ်ဆေးရောင်းသမား ဟန်ဆောင်ထားသူတယောက်ကို ဖမ်းဆီးပြီး နေအိမ်ထဲမှာရှိတဲ့ လူငယ်အမျိုးသား ၃ ယောက်ကိုပါ ခေါ်ဆောင်သွားတယ်လို့ မြိတ်မြို့ခံတယောက်က ပြောပါတယ်။
“ပါရမီဘက်မှာ အရမ်းဆိုးနေတယ်။ လမ်းမှာ လူစည်တုန်းအချိန်မှာ အိမ်ပေါ်ကို တက်လာဖမ်းတာ။ ဆေးသမားကို ဖမ်းသလိုနဲ့ အိမ်ထဲမှာ လိုက်ဆွဲတယ်။ အဲ့ကောင်(ရဲသတင်းပေးဆိုသူ)က ဆေးအရောင်းအဝယ်လုပ်တယ်။ ဒီကောင်က အိမ်ထဲဝင်ပြေးတော့ ပါလာတဲ့ ရဲတွေ၊ စစ်သားတွေက ဒီကောင်ကို ဖမ်းသလိုနဲ့ အိမ်ထဲဝင်ဖမ်းတယ်။ ဒီကောင်အပါအဝင် ကျန်တဲ့ ၃ ယောက်ကိုပါ ဖမ်းသွားတယ်။ သူတို့ပြောတဲ့အကြောင်းပြချက်က ဆေးသမားကို ဖမ်းတယ်ပေါ့။”
သူတို့ ၄ ယောက်ကို ခေါ်ဆောင်သွားပြီးနောက် ရဲသတင်းပေးဆိုသူကို အမှုဖွင့် ဖမ်းဆီးတာမရှိဘဲ ပြန်လွှတ်ပေးလိုက်ပြီး လူငယ်အမျိုးသား ၃ ယောက်ကိုတော့ ပြန်လွှတ်ပေးဖို့အတွက် တယောက်ကို ငွေကျပ် ၅၅ သိန်းနဲ့ ပြန်ရွေးထုတ်ခိုင်းတယ်လို့ ပြောပါတယ်။
အခုလို လုပ်ရပ်မျိုးက ပါရမီရပ်ကွက်ထဲမှာပဲ ၂ ကြိမ်ရှိပြီးလို့သိရကာ အရင်တကြိမ်တုန်းလည်း အဆိုပါရဲသတင်းဆိုသူနဲ့ပဲ ရဲ၊ စစ်သားတွေ ပူးပေါင်းကြံစီခဲ့ကြတယ်လို့ မြို့ခံက ဆက်ပြော ပါတယ်။
"အခုတောင်ရပ်ကွက်ထဲမှာဖြစ်လို့ သိတာ။ အနောက်လမ်းမှာ ဖြစ်တဲ့ကိစ္စဆို သိတောင် မသိလိုက်တာပါ။ အခုကိစ္စဖြစ်ပြီး အနောက်လမ်းမှာလည်း တခါဖြစ်သေးတယ်ဆိုပြီး သတိထား မိတာ။ အဲ့ဒီတုန်းကလည်း အဲဒီကောင် (ရဲသတင်းပေးဆိုသူ)ပဲ ပြန်လွှတ်တယ်။ စစ်သားဝတ်စုံ ပဲများတယ်။ စစ်သားအစစ်လည်မဟုတ်ဘူး၊ ပျူဆိုပြီးလည်းပြောတယ်။ သေချာတာ စစ်သားပဲ။”
စစ်ကောင်စီက စစ်မှုထမ်းထုတ်ပြန်ပြီးနောက် မြိတ်မြို့မှာ ညဘက်အချိန်တွေမှာဆို လူငယ်တွေ လမ်းပေါ်သိပ်မထွက်ရဲကြတော့ဘဲ စစ်ကောင်စီတပ်သားတွေက ပစ်မှတ်ထားဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် အပြင်မထွက်ရဲကြတာလို့ မြိတ်မြို့ခံတွေက ဆိုပါတယ်။