
ထိုင်းအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်ထဲမှာ ပြီးခဲ့တဲ့လက တရုတ်လုပ်ငန်းရှင်တယောက်ထံ ဘတ်သန်းပေါင်း ၃၀၀ ငွေညှစ်ခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ ၆ ယောက်နဲ့ အရပ်သား ၃ ယောက်တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ဆိုင်ဘာရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ချနချိုင်း ကျိုင်ကလာ့ (၄၁ နှစ်) ဦးဆောင်တဲ့ ရဲအရာရှိ ၆ ယောက်နဲ့ ဘာသာပြန် အရပ်သား ၃ ယောက်၊ ပေါင်း ၉ ဦးတို့ဟာ စမွတ်ပရကန်ခရိုင် ဘန်ဖရီမြို့ရှိ နိုင်းဆိုင်း ဆိုသူ တရုတ်အမျိုးသားကို ဝရမ်းနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
နိုင်းဆိုင်းဆိုသူမှာ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်တဲ့အပြင် ကော်လ်စင်တာ (ကျားဖြန်ဂိုဏ်း) နဲ့ပါ ဆက်စပ်နေတယ်လို့ သတင်းရထားတယ်၊ အဲဒီအမှုကို တရားရုံးမရောက်ဘဲ ပြီးပြတ်စေချင်တယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂ သန်း (ထိုင်းဘတ် သန်းပေါင်း ၃၀၀) ပေးဖို့ ရဲဘက်က တောင်းခဲ့တယ်လို့ ဆိုပါတယ်။
နိုင်းဆိုင်းက သူမဟုတ်ဘူး၊ မပေးနိုင်ဘူးလို့ ငြင်းဆန်တော့ ရဲတွေက သူ့ကိုရဲစခန်းအ ဆောက်အဦတခုထဲ ဖမ်းခေါ်သွားတယ်၊ အဲဒီမှာ စစ်ကြောရေးလုပ်တယ် အဲဒီနောက နိုင်းဆိုင်း ဘက်က အလျှော့ပေး ဈေးဆစ်တာမှာ ဘတ် ၅ သန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၁၄၉,၂၃၅ နဲ့ ဈေးတည့်သွားတယ်။ နောက်နေ့ အောက်တိုဘာ ၁၇ ရက်မှာ ရဲတွေက မင်းကိုဖမ်းဖို့ တိုင်ထားတဲ့သူကို သိချင်လား၊ သိချင်ရင် ဘတ် ၇ သိန်းပေးလို့ ဆိုတာနဲ့ နောက်ထပ် အမေရိကန်ဒေါ်လာ ၂၀, ၈၉၅ လွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။
နိုင်းဆိုင်းက ငွေသာပေးလိုက်ရပေမဲ့ ဒီကိစ္စပေါ် မကျေနပ်တာကြောင့် ထိုင်းရှေ့နေနဲ့ တိုင်ပင်ပြီး အဆိုပါ ရဲအရာရှိတွေကို အရေးယူပေးဖို့ ဘန်ကောက် ထုန့်ဆောင်ဟောင့်နယ်မြေရဲစခန်းကို တိုင်ကြားလိုက်ပါတယ်။
ဒီကိစ္စ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ တာဝန်ခံရဲချုပ်ကြီး ကစ်သီရတ် ဖန်းဖစ်က အဆိုပါ ဒုရဲမှူးကြီး နဲ့အဖွဲ့ကို ဖမ်းဝရမ်းထုတ်ခိုင်းသလို အမှုစစ်ဆေးစဉ်ကာလ တာဝန်မှာခေတ္တရပ်စဲဖို့ ညွှန်ကြားထားပါတယ်။
အဆိုပါရဲအရာရှိ ၆ ယောက်မှာ ဆိုင်ဘာရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့၊ ဗဟိုရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသည် လုံခြုံရေးရဲတပ်ဖွဲ့၊ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့၊ ဆရပူရီရဲတပ်ဖွဲ့က ဖြစ်ပါတယ။ ထုန့်ဆောင်ဟောင့်ရဲစခန်းက သူတို့ကို ဝန်ထမ်းဖြစ်လျက် ပူးပေါင်းလာဘ်စားမှု၊ ပူးပေါင်းငွေညှစ်မှု၊ လာဘ်ပေးလာဘ်ယူအားပေးကူညီမှု ဝန်ထမ်းကျင့်ဝတ်ဖောက်ဖျက်မှုတွေနဲ့ တရားစွဲထားတယ်လို့ ဆိုပါတယ်။
ရဲအရာရှိ ၃ ယောက်က ထုန့်ဆောင်ဟောင်ရဲစခန်းမှာ ကိုယ်တိုင်လာရောက်သတင်းပို့ပြီး အာမခံ တောင်းတယ်၊ ဒါပေမဲ့ အာမခံမရဘူ၊ ကျန်ရဲအရာရှိ ၃ ယောက်နဲ့ စကားပြန်တယောက်ကိုတော့ သွား ရောက်ဖမ်းဆီးခဲ့တယ်၊ နောက်ထပ် ငွေလွှဲငွေထုတ်တာဝန်ယူတဲ့ ထိုင်းအမျိုးသမီး နဲ့ သူမခင်ပွန်း နိုင်ငံ ခြားသားတယောက် (ပေါင်း ၂ ယောက်) ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: ThaiPBS / MCOT News