Home
နိုင်ငံတကာ
ထိုင်းဒုရဲချုပ် အပါအဝင် ရဲအရာရှိ ၅ ဦးကို ရာထူးမှ ယာယီချထား
DVB
·
April 19, 2024
ThaiPoliceChief_19042024

အွန်လိုင်းလောင်းကစားမှုမှာ လာဘ်စားပြီး ငွေကြေးခဝါချတယ်လို့ စွပ်စွဲခံထားရတဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် စူရချေ့ဟတ်ဖန်း ခေါ် Big Joke နဲ့တကွ အပေါင်းပါ ရဲအရာရှိ ၅ ဦးဟာ ရာထူးကနေ ယာယီချထားခြင်း ခံလိုက်ရပါတယ်။

ပြင်ပစုံစမ်းချက်အရ သူတို့ ၅ ဦးဟာ စွပ်စွဲခံထားရတဲ့အတိုင်း မမှန်ကန်တဲ့အပြုအမူတွေ တွေ့ရှိရတာကြောင့် ဧပြီ ၁၈ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် ဆေထာထဝီးဆင်နဲ့ သွားရောက်တွေ့ဆုံပြီး ရာထူးကနေချထားဖို့ လက်မှတ်ရေးထိုး အမိန့်ထုတ်ခဲ့တယ်လို့  ယာယီရဲချုပ် တာဝန်ယူထားရတဲ့ ဒုရဲချုပ် ကစ် သီရတ် ဖန်းဖိတ်က သတင်းထောက်တွေကို ပြောပါတယ်။

ရာထူးယာယီချထားတာဟာ ဒီကနေ့ ဧပြီ ၁၉ ရက်မှ စတင်အကျုံးဝင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီက ရက်ပေါင်း ၂၇၀ အတွင်း ဆိုးရွားသော ဝန်ထမ်းကျင့်ဝတ် ချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ အပြီးစုံစမ်းစစ်ဆေးဖို့ဖြစ်တယ်၊ ရာထူးမှ ချထားခံရသူတွေ အနေနဲ့ ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ပိုင်ခွင့်ရှိတယ်၊ အဆိုပါအယူခံလွှာကို အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးကို စာနဲ့ရေးသားပေးပို့ရမယ်လို့ ဆိုပါတယ်။

ယာယီရာထူးချခံရသူတွေ အယူခံအောင်မြင်ရင်၊ အုပ်ချုပ်ရေးတရားရုံးမှ အပြစ်မရှိကြောင်း ဆုံးဖြတ်ရင် တရားစွဲသူတွေကို အသရေဖျက်မှုနဲ့ ပြန်လည်တရားစွဲဆိုခွင့် ရှိပါတယ်။

ယာယီရဲချုပ် ကစ်သီရတ် အနေနဲ့ ပြန်ပြီးတရားစွဲခံရမှာကို မစိုးရိမ်ဘူးလားလို့ သတင်းထောက်တွေက မေးရာမှာ အရာရာအားလုံး ရာထူးရဲ့ လုပ်ပိုင်ခွင့်နဲ့ တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာကြောင့် ဘာမှစိုးရိမ်ကြောင့်ကြမှု မရှိဘူးလို့  ပြောပါတယ်။

ရာထူးမှ ယာယီအချထားခံရသူ ရဲအရာရှိတွေမှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်တာဝန် ထမ်းဆောင်ခဲ့သူ ဒုရဲချုပ် စူရချေ့ဟတ်ဖန်း၊ ဆုန်ခလာခရိုင် ဒုရဲမှူးကြီး ကစ်သီချိုင်း ဆန်ခထာဝွန်း၊ စမွတ်ပရကန်ခရိုင် ဆာမ်လုန်းနယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ခရိတ်ဆ် ပရီယကစ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး နာ့ဿ်ဝုဒ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး နာ့ဿ်နန် ယုကျကွန်းတို့ ဖြစ်ပါတယ်။

ရဲအရာရှိ ၄ ဦးမှာ ဒုရဲချုပ် Big Joke ရဲ့ လူရင်းတွေဖြစ်ပြီး သူတို့တွေဟာ BNK Master အွန်လိုင်းလောင်းကစားဝိုင်း ထောင်မှုနဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ရင်းနှီးကျွမ်းဝင်ကြောင်း၊ တရားခံတွေထံမှ ဘတ်သိန်းနဲ့ချီတဲ့ငွေတွေ လွှဲပေးထားတဲ့ အထောက်အထားနဲ့အတူ အကျင့်စာရိတ္တပျက်ပြားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ တိုင်ကြားခံထားရတာပါ။

ဒါ့အပြင် အွန်လိုင်းလောင်းကစားမှုမှ အဓိကတရားခံဖြစ်တဲ့ မီနီ ဆိုသူ ချောမောလှပတဲ့ မိန်းကလေးနဲ့ ဒုရဲချုပ် Big Joke အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်မှာ တက်လာပါတယ်။

မိန်းကလေးနဲ့ ဒုရဲချုပ်ကတော့ သူတို့ တယောက်နဲ့တယောက် အပြင်မှာ မသိကျွမ်းဖူးဘူးလို့ ဆိုပါတယ်။

မိန်းကလေးက ဒုရဲချုပ်ကို စားသောက်ဆိုင်တခုမှာ မမျှော်လင့်ဘဲ တွေ့ရလို့ ကြည်ညိုလေးစားစိတ်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခွင့် တောင်းခဲ့တာလို့ သတင်းထောက်တွေကို ပြောပါတယ်။

Big Joke ကလည်း သူ့အနေနဲ့ ရာထူးတက်ဖို့ အခွင့်အလမ်း တခါပေါ်တိုင်း အခုလို အမှုဆင် တရားစွဲခံရတာ အမြဲကြုံရတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး သော်ဆဒ်ဝိမွန်း (Big Taw) ဟာလည်း အွန်လိုင်းလောင်းကစားမှုနဲ့ ပတ်သက်တယ်ဆိုပြီး ပြည်သူ့ဥပ‌ဒေရေးရာကူညီရေးအဖွဲ့မှ ရှေ့နေ သမ့်က သတင်းစာရှင်းပြီး တိုင်ကြားထားတာကြောင့် ကနဦး စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။ဒီမတိုင်ခင်က ရဲချုပ်ကြီး သော်ဆဒ်ဝိမွန်း (Big Taw) နဲ့ ဒုရဲချုပ် Big Joke တို့ဟာ တာဝန်ဝတ္တရား ထမ်းဆောင်မှုတွေမှာ မသင့်မမြတ်ဖြစ်နေတာကြောင့် ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က သူတို့နှစ်ဦးကို ဝန်ကြီးများရုံးကို ယာယီရွှေ့ပြောင်း တာဝန်ချထားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013