Home
မြန်မာသတင်း
အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တောင်းဆို
DVB
·
April 19, 2024
ASEANFM_19042024

မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမှသည် ရေရှည်ခိုင်မြဲပြီး ပြည့်စုံကျယ်ပြန့်တဲ့ နိုင်ငံရေးအဖြေရှာဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် ပဋိပက္ခတွေ မြင့်တက်လာတာကို စိုးရိမ်ပူပန်မိကြောင်းနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းကြောင်းလည်း အာဆီယံ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူသာချင်းစာနာမှု ဥပဒေတွေ လိုက်နာဖို့၊ နိုင်ငံခြားသားတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေ အပါအဝင် အရပ်သားအားလုံး ဘေးကင်းလုံခြုံရေး ကာကွယ်ပေးဖို့ကိုလည်း ဧပြီ ၁၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံရှိ အကူအညီလိုအပ်နေသူ အားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့၊ အရပ်သားတွေအပေါ် ပဋိပက္ခရဲ့ သက်ရောက်မှုတွေ လျော့ပါးစေဖို့ လျင်လျင်မြန်မြန် ကိုင်တွယ်ကြဖို့ကိုလည်း ထုံးစံအတိုင်း တိုက်တွန်းထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကိုက်ညီတဲ့ AHA စင်တာနဲ့ ထိုင်းရဲ့ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်တွေကို ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘုံသဘောတူညီချက်ကို အလုံးစုံ လျင်လျင်မြန်မြန် အကောင်အထည်ဖော်ခြင်းအားဖြင့် အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ ကူညီပေးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အဖြေရှာနိုင်ရေး ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းပြီး တစုတစည်းတည်းရှိတဲ့ မြန်မာနိုင်ငံအဖြစ် ဆက်ရှိရေးဟာ အာဆီယံရဲ့ အကျိုးစီးပွား ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အကျိုးသက်ဆိုင်သူအားလုံးနဲ့ ဆက်လက်စေ့စပ်ညှိနှိုင်းဖို့ အပါအဝင် အာဆီယံ ၂၀၂၄ အလှည့်ကျဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်ရဲ့ ဆောင်ရွက်မှုတွေကိုလည်း ဆက်လက်ထောက်ခံသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Photo-Laoschairmanship2024

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013