Home
မြန်မာသတင်း
ဝါရှင်တန်ဒီစီ မြန်မာသံရုံးဝန်ထမ်းများ စစ်ကောင်စီလက်အောက်မှ နုတ်ထွက်ရန် တောင်းဆို
DVB
·
April 19, 2024
DCProtest01_19042024

ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ လက်ရှိတာဝန်တွေကနေ အမြန်ဆုံးနုတ်ထွက်ကြဖို့ အမေရိကန်ရောက်မြန်မာတွေက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဝန်ထမ်းတွေဟာ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်အထိ စစ်ကောင်စီလက်အောက်ခံအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေကြတာပါ။

တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေက သက်ဆိုင်ရာနယ်မြေအသီးသီးမှာ စစ်ရေးအရ အသာစီးယူလာနိုင်သလို PDF ပူးပေါင်းအဖွဲ့တွေက နေပြည်တော်နဲ့ စစ်တက္ကသိုလ်တွေ အခြေစိုက်ရာ ပြင်ဦးလွင်အထိ ထိုးဖောက်နိုင်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီလက်အောက်ခံ ဘဝကနေ နောက်ဆုံးအခွင့်အရေးအဖြစ် ရုန်းထွက်ကြဖို့ ဒေသစံတော်ချိန် ဧပြီ ၁၈ ရက်က ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲမှာ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

Anti Dictatorship in Burma - DC Metro Area မှ ဦးရင်အေးက “ခုချိန်က ကျနော်တို့ Timing ကိုက် ကျနော်တို့ ပြည်တွင်းမှာလည်း ဖိအားစပေးရတော့မယ်။ ပြည်တွင်းက အကြမ်းမဖက် လှုပ်ရှားမှုတွေ စတင်ကြတော့မယ့်အချိန်။ သွေးတိုး စစမ်းရတော့မယ့် အချိန်ဆိုတာ တင်ပြချင်ပါတယ်။ ကိုယ့်အသက်အန္တရာယ်ကို မထိခိုက်နိုင်တဲ့ အဖမ်းအဆီး မခံရနိုင်တဲ့ လှုပ်ရှားမှုမျိုး နိုင်ငံတကာကလည်းသိမယ်၊ ဥပမာ နိုင်ငံတကာသံရုံးတွေ ရှေ့မှာပဲဖြစ်စေ အကြမ်းမဖက် ပြောက်ကျားသပိတ်ကို စတင်ပြီးတော့ ပြည်တွင်းလှုပ်ရှားမှုကို သွေးတိုးစမ်းကြရမယ့်အချိန်၊ တတိုင်းတပြည်လုံးမှာ အနိုင်ရနေတဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုတော်လှန်ရေးနဲ့ ပေါင်းစပ်ရတော့မယ့်အချိန်လို့ အဲဒီသတင်းစကားကို ကျနော်ပေးချင်ပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအပေါ် နိုင်ငံတကာနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အားပေးထောက်ခံမှုတွေ ပေါ်ပေါ်ထင်ထင်ရလာတာ၊ တရုတ်အစိုးရရဲ့ မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်ပုံ ပြောင်းလဲလာတာ၊ စစ်ရေးမှာ တော်လှန်ရေးအင်အားစုတွေက အသာစီးယူလာနိုင်တာ စတဲ့အချက်တွေအရ နိုင်ငံတကာက စစ်ကောင်စီလက်အောက်ခံ သံရုံးဝန်ထမ်းတွေအားလုံး အခြေအနေကို ပြန်သုံးသပ်ကြဖို့ ဆန္ဒထုတ်ဖော်သူတွေက တိုက်တွန်းတာ ဖြစ်ပါတယ်။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ အတာက “သံတမန်ရေးရာအရဆိုတာ သံတမန်ဆိုတာက အမှန်တရားအတွက် ရပ်တည်ပေးရတယ်။ အဲဒီတော့ ဒီသံရုံးမှာရှိနေတဲ့လူတွေကိုလည်း အမှန်တရားအတွက် ရပ်တည်ပေးပါလို့၊ လောလောဆယ်မှာ မြန်မာပြည်ကို ပြန်သွားလို့ မရရင်လည်း နိုင်ငံတကာမှာရှိနေတဲ့ သံရုံးတွေက နိုင်ငံတကာကို ဒီစစ်တပ်လုပ်ရပ်က မှားနေပါတယ်လို့ ရဲရဲဝံ့ဝံ့ ပြောရဲဆိုရဲ ရှိပါစေလို့ပဲ ပြောရဲကြပါလို့လည်း တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၇ ရက်က တိုက်တွန်းထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ပါ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ အားလုံးနဲ့ ထိတွေ့ဆက်ဆံခွင့်ပေးဖို့ အချက်တွေကို စစ်ကောင်စီက မလိုက်နာသေးပေမဲ့ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း ဖိအားအဖြစ် သူတို့အပေါ် ဆက်တိုက် သက်ရောက်နေခဲ့တာပါ။

သံတမန်ရေးအရ NUG က အသာစီးယူလာနိုင်တဲ့ အခြေအနေကလည်း အပြောင်းအလဲအတွက် အရေးပါနေပြီး စစ်ကောင်စီအတွက် ကိုင်တွယ်ရခက်တဲ့ အခြေအနေကို ရောက်နေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013