စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချင်မြစ်ကျင်းရွာ အထိုင်စခန်းကနေ စစ်ကြောင်းထိုးဖို့ ကာကင်း ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖေဖော်ဝါရီ ၃ ရက် မနက် ၈ နာရီမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ချင်မြစ်ကျင်းရွာ အထိုင်စခန်းက စစ်သားတွေဟာ ကန့်ဘလူမြို့ဘက်ကနေ ထွက်လာမယ့် စစ်ကြောင်းကို ကြိုဖို့ ကာကင်းယူနေချိန်မှာ ညောင်ပင်ဆိပ်ရွာရဲ့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၄ ယောက် သေဆုံးခဲ့ပြီး G3 သေနတ် ၃ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ကျည်ဘောက် ၁၂ ဘောက်နဲ့ ကျည်ဆန်အများအပြားကို သိမ်းဆည်းရမိပြီး PDF တွေဘက်က အထိအခိုက် အကျအဆုံးမရှိဘူးလို့ ကန်ဘလူခရိုင်တပ်ရင်း ၄ ရဲ့ တာဝန်ရှိသူ ကိုဂျိုးဇက်က ပြောပါတယ်။
“ချင်မြစ်ကျင်း ပျူအထိုင်စခန်းက စစ်တပ်နဲ့ ပျူတွေက ကန့်ဘလူမြို့ကနေ ဇီးကုန်းတို့ ဒီဘက်ရွာတွေက ပြည်သူတွေကို ပေါ်တာဆွဲဖို့ လာတဲ့အခါမျိုး၊ ရွာတွေအပေါ်ကို ဒရုန်းနဲ့ ဗုံးသီးချဖို့ လာတဲ့အခါမျိုးတွေမှာ သူတို့က လမ်းပိုင်းကနေ ကာကင်းလုပ်ပေးလေ့ရှိတာကို ကျနော်တို့ သိလို့ ကြိုတင်လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့တာဗျ။”
တိုက်ပွဲနဲ့ပတ်သက်ပြီး ဒေသခံ ရွာသားတယောက်က “ကျနော်တို့ ပုံမှန်အတိုင်းဆိုရင် စစ်သားတွေမလာရင် ကိုယ့်ရွာကို အေးအေးဆေးဆေး နေလို့ရတယ်။ သူတို့လာပြီဆိုတာနဲ့ တိုက်ပွဲကဖြစ်တာပဲ။ အဲဒီလို တိုက်ပွဲဖြစ်တိုင်း ရွာက ထွက်ပြေးရတာ ပုံမှန်လိုဖြစ်နေပြီဗျ။ မနက်ခင်းကလည်း တိုက်ပွဲဖြစ်ကြသေးတယ်။ ပစ်ခတ်တဲ့ သေနတ်သံတွေကတော့ ကြားရတာပေါ့။ အသေးစိတ်ကိုတော့ ကျနော်တို့ အရပ်သားတွေ ဘာမှမသိရဘူး။ စစ်ကြောင်းလာတယ်၊ တိုက်ပွဲဖြစ်တယ်ဆိုရင် ရွာထဲကနေ ရှောင်ပြေးရတာပါပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာရှိတဲ့ ငါးရာနဲရွာ၊ ဖလံချိုင်ရွာ၊ သရက်ကောင်းရွာ၊ ရင်ဂါတ်ကုန်းရွာ၊ လက်ထုတ်ကုန်းရွာနဲ့ ပေကြီးရွာတွေကို မနက် ၁၀ နာရီလောက်က စတင်ပြီး စစ်ကောင်စီတပ်က ဒရုန်းယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး သပိတ်မှောက်ရွာကို မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။
ကန့်ဘလူခရိုင် တပ်ရင်း ၄ တာဝန်ရှိသူ ကိုဂျိုးဇက်က“သူတို့ ဒရုန်းယာဉ်နဲ့ ဗုံးသီးချလို့ ငါးရာနဲရွာက အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်ဗျ။ ဒဏ်ရာရတာကတော့ အဲရွာက တဦးပေါ့။ လက်ထုပ်ကုန်းရွာလည်း အဲလို ဒရုန်းနဲ့ ဗုံးသီးချလို့ အသက် ၆၀ ကျော်အရွယ် အဘိုး အဘွား ၂ ဦး ဒဏ်ရာရတယ်ဗျ။ နွား ၂ ကောင်လည်း သေဆုံးခဲ့သေးတယ်ဗျ။ နောက်ပြီးတော့ ကျီးကုန်းပျူရွာကနေ ထွက်လာတဲ့ စစ်သားနဲ့ ပျူ ပူးပေါင်းအင်အား ၂၀ ဦးခန့်ကလည်း သပိတ်မှောက်ရွာဘက်ကို ခြေလျှင်စစ်ကြောင်းထိုးပြီး ရွာကို မီးရှို့သွားပါတယ်။ လူနေအိမ် ၃၇ လုံးလည်း မီးလောင် ပျက်စီးခဲ့ရပါတယ်” လို့ ထပ်မံ ပြောဆိုပါတယ်။
အခု ဒရုန်းယာဉ်နဲ့ ဗုံးသီးချတိုက်ခိုက်ပြီး သပိတ်မှောက်ကျေးရွာကို စစ်တပ်က မီးရှို့တာဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို အကြောင်းမဲ့ တိုက်ခိုက်မီးရှို့တာလို့လည်း သိရပါတယ်။
မြောင်မြို့နယ်၊ မြစ်ဆုံကျေးရွာမှာလည်း ရှင်ပြုအလှူပွဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြောင် ပကဖ ပြန်ကြားရေးတာဝန်ခံတယောက်က “ဧရာဝတီမြစ်ရိုးပေါ်က မြစ်ဆုံနဲ့ ကပ်နေတဲ့ရွာ။ တကယ်တော့ မြစ်ဆုံရွာပါပဲ။ အဲဒီမှာ ရှင်ပြုအလှူပွဲအဝင်နေ့ ညနေပိုင်း အလှူဝတ်လှည့်ဖို့ ပြင်ဆင်နေကြတဲ့အချိန် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၂ လုံး အကြဲခံလိုက်ရတာပါ။ စက်သေနတ်တွေနဲ့လည်း အတွဲလိုက် ပစ်သွားပါသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ပေမဲ့ လူနေအိမ် ၂ လုံးကတော့ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့က ကိုနွေဦးက “အလှူလှည့်ခါနီး ဗုံးကြဲခံလိုက်ရတော့ အလှူဝတ် လှည့်လိုက်ကြမယ့်သူတွေ အကုန်ထွက်ပြေးကြတယ်။ ဗုံးတွေကလည်း ဘုန်းကြီးကျောင်းဘေးနားတင် ကျတာ။ အဲဒီကျောင်းနားက အိမ် ၂ လုံးကတော့ ပျက်သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိပါဘူး။ အလှူဝတ်လှည့်လိုက်ကြမယ့်သူတွေ ထွက်ပြေးသွားကြတော့ အလှူပွဲလည်း ပျက်သွားတာပေါ့ဗျာ။ အလှူရှင်မိသားစုတွေကတော့ စိတ်မကောင်းဖြစ်နေကြတာပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ မြောင်မြို့နယ်အတွင်းသာမက စစ်ကိုင်းမြို့နယ်နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက ကျေးရွာတွေလည်း လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ် လို့လည်း စစ်ကိုင်းပြည်သူ ဖေးမကူ အဖွဲ့ဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက်ကြောင့်လည်း ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို စနစ်တကျ ပြုလုပ်ထားကြဖို့အပြင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ပြုလုပ်တာတွေကို အထူးရှောင်ရှားကြဖို့ တိုက်တွန်းထားတယ်လို့လည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ဒေသခံပြည်သူ ၅ ယောက်အထိ ရှိလာပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့မှ ကိုနွေဦးက “မြင်းခြံနဲ့ တလုပ်မြို့ဟောင်းက ၅ မိုင်နီးပါးလောက်ပဲ ဝေးကွာပါတယ်။ ကျနော်တို့ ရရှိထားတဲ့ အချက်အလက်တွေနဲ့ ပြုစုထားတဲ့ စာရင်းတွေအရ တလုပ်မြို့ကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွင်းမှာ သေဆုံးသွားခဲ့တဲ့ ပြည်သူ ၅ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ပါ။ ဒဏ်ရာရတဲ့ပြည်သူက ၁၀ ဦးထက်မနည်း ရှိပြီးတော့ အဲဒီထဲက ၇ ဦးက စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှု ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တလုပ်မြို့တောင်ဘက်က စစ်ကောင်စီဂိတ်စခန်းတခုနဲ့ အဆိုပါမြို့အတွင်းက ပြည်သူပိုင် RC အမျိုးအစား နှစ်ထပ်တိုက် ၂ လုံးပေါ်မှာ အထိုင်ချ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တလုပ် PDF ပြောရေးဆိုခွင့်ရှိသူ ကိုသိန်းမောင်က “ကျနော်တို့ရဲ့ တိုက်ခိုက်မှုထဲမှာ သူတို့ဘက်က စခ ရခ ၂၀ လောက်သေတယ်။ ကျည်မလုံလောက်တာရယ် လေယာဥ်ရောက်လာတာရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတာပါ။ တိုက်ပွဲအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ရပါတယ်။ ရဲဘော် ၆ ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကြဲချတဲ့ ဗုံးတွေဟာ မပေါက်ကွဲသေးတာတွေ ရှိနေသေးတဲ့အတွက်လည်း ပြည်သူတွေအနေနဲ့ ဂရုစိုက်ကြပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၁ ရက်က စပြီး တလုပ်မြို့အနီးက ဆီမီးခုံမှာရှိတဲ့ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့သလို မြင်းခြံမြို့ဘက်ကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့တာတွေ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် ညပိုင်းအထိ စစ်ကောင်စီတပ်ဘက်က Mi 35၊ Y8 နဲ့ Y12 လေယာဉ်တွေနဲ့ ဗုံးအလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပြီး လေယာဥ်နဲ့ ပစ်ခတ်တာတွေလည်း အဆက်မပြတ် ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲတွေအတွင်း တလုပ်မြို့က ဒေသခံတွေ ထောင်သောင်းချီပြီး စစ်ဘေးရှောင်နေကြရသလို တလုပ်မြို့အတွင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာလည်း စစ်ဘေးရှောင်ပြည်သူတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ မြင်းခြံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။