
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားခေါင်းကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းကစတင်ပြီး အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ကြက်သွန်ကွင်း-သဲဖြူ-မကျီးဇင် လမ်းပေါ်က စစ်ကောင်စီခံတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မနေ့ညနေပိုင်းလောက်က ဖြစ်တာ။ သာပေါင်းမြို့နယ်ရဲ့ အစပ် လမ်းဆုံအနီးမှာ စစ်ကောင်စီ ခံတပ်တွေနဲ့ AA နဲ့ PDF တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတာ။ လက်နက်ကြီးတွေနဲ့ကို ပစ်နေတာ။ တိုက်ပွဲဖြစ်နေတဲ့အနားက လမ်းဆုံက သာပေါင်းမြို့ပေါ် တက်ရင် အဓိကကျတဲ့ နေရာမှာပေါ့” လို့ ပြောပါတယ်။
အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရရှိကာ တပ်ဆုတ်ထွက်ပြေးခဲ့ပြီး သဲဖြူကျေးအနီး တောစပ်မှာ ခံစစ်စခန်းပြင် တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
“ဒီနေ့ ၃ ရက်နေ့ မနက်အရုဏ်တက်ချိန်အထိ တိုက်ပွဲက ဖြစ်နေတာ။ ၁၀ နာရီလောက်ကျတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူး။ ဒဏ်ရာစစ်သားတွေကို ကားနဲ့ပြန်သယ်လိုက် တပ်သားအသစ်တွေ လာချလိုက် လုပ်နေတာ။ သာပေါင်းကို သိမ်းမလားတောင် မသိတော့ဘူး” လို့ နောက်ထပ် သာပေါင်းဒေသခံတယောက်က ပြောပါတယ်။
လက်ရှိတိုက်ပွဲအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို စစ်ကားတွေနဲ့ ကြက်သွန်ကွင်းလမ်းဆုံကနေ ခလရ ၃၀၈ တပ်ကို ပြန်လည်သယ်ယူနေပြီး ထွက်ပြေး တပ်သားတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြက်သွန်ကွင်းနဲ့ သဲဖြူကျေးရွာတို့မှာ ကတုတ်ကျင်းတွေတူးပြီး စစ်အင်အား အများအပြားဖြည့်ကာ ခံစစ်ပြင်ထားပြီး စစ်ကောင်စီတပ်က အရပ်သားတွေကိုတော့ စစ်ဘေးမရှောင်ဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။