
အမေရိကန်မပါတဲ့ ဥရောပကာကွယ်ရေးက အလုပ်မဖြစ်နိုင်ဘူးလို့ NATO စစ်ရေးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ ဖေဖော်ဝါရီ ၃ ရက်ကပြုလုပ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
“NATO ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကို ဘာပဲပြောပြော အကြောင်းပြချက်များစွာအတွက် အမေရိကန် မပါဘဲ အလုပ်မဖြစ်ပါဘူး” လို့ ရူတေက သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန် အားလုံးဟာ ရုရှားနဲ့ ပတ်သက်နေတယ်ဆိုတာ အမေရိကန်ကလည်း သဘောပေါက်သလို NATO ရဲ့ ဥရောပဘက်အခြမ်းကလည်း သဘောပေါက်ပါတယ်။
ဒါဟာ ယူကရိန်းဖြစ်စဉ် အခိုက်အတန့်မှာ ကစားနေတဲ့ ပထဝီဝင်နိုင်ငံရေးပါပဲ။ ဒါကြောင့် ယူကရိန်းဟာ သူ့အတွက်သက်သက်သာ အောင်နိုင်ဖို့ လိုအပ်တာမဟုတ်ဘဲ အားလုံးအတွက် အောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ပထဝီနိုင်ငံရေး သက်ရောက်မှု ဖြစ်နေလို့ပါပဲလို့ ရူတေက ပြောခဲ့ပါတယ်။
သူ့နိုင်ငံဟာ အမေရိကန် ဒါမှမဟုတ် ဥရောပသမဂ္ဂတို့အကြား ရွေးချယ်မှာမဟုတ်ဘဲ ကုန်သွယ်ရေးနဲ့ လုံခြုံရေးလို နယ်ပယ်တွေမှာ မိတ်ဖက် ၂ ယောက်လုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့အပေါ် စည်းကြပ်ခွန်တွေ စည်းကြပ်ခဲ့လို့ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွေ ကျဆင်းသွားပြီးနောက် ဥရောပခေါင်းဆောင်တွေဟာ တနင်္လာနေ့မှာ အလွတ်သဘောတွေ့ဆုံခဲ့ပြီး ဥရောပသမဂ္ဂနဲ့ အစည်းအဝေးပွဲတခု ကျင်းပခဲ့ပါတယ်။
Source : Reuters