Home
နိုင်ငံတကာ
ထရမ့်ပ်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စျေးကွက်ကျဆင်း၊ ဒေါ်လာတန်ဖိုးမာ၊ ရေနံဈေးတက်
DVB
·
February 4, 2025
Photo: Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာတလွှားက စတော့စျေးကွက်တွေ ကျဆင်းကုန်သလို အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ တခြားငွေကြေးတွေပါ တန်ဖိုးကျဆင်းကုန်ပြီး ခရစ်ပတိုငွေကြေး စျေးတွေလည်း ကျဆင်းကုန်ပါတယ်။

ရေနံဈေးလည်း တက်လာခဲ့ပေမဲ့ စက်မှုလုပ်ငန်းသုံး သတ္တုဈေးတွေလည်း ထိုးကျကုန်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုင်ငံရဲ့ အဓိက ကုန်သွယ်ဖက်တွေအပေါ်မှာ စည်းကြပ်ခွန် ချမှတ်လိုက်အပြီးမှာ ကုန်သွယ်ရေးစစ်ပွဲရဲ့ အန္တရာယ်ကို တွက်ဆနေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာကို ဝယ်ပြီး စတော့ရှယ်ယာတွေ ရောင်းထုတ်နေကြသလို ငွေကြေးဖောင်းပွမှုကို စိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

စည်းကြပ်ခွန်မိတဲ့ ကနေဒါနဲ့ မက္ကဆီကို စျေးကွက်နဲ့ စတော့တွေသာမကဘဲ ကမ္ဘာ့ဈေးကွက်တခုလုံးအပေါ် သက်ရောက်မှုရှိခဲ့ပြီး ခရစ်ပတိုငွေကြေးတွေ၊ စတော့တွေ၊ နောက်ဆုံး အလုံခြုံဆုံးလို့ သတ်မှတ်ကျတဲ့ ဂျပန်ယန်းငွေ အပေါ်မှာပါ ထိခိုက်မှုရှိခဲ့ပါတယ်။

ခရစ်ပတိုငွေကြေးတွေ အကုန် တန်ဖိုးကျကုန်ပြီး ကမ္ဘာ့အကြီးဆုံးနဲ့ လူသိအများဆုံး ခရစ်ပတိုငွေကြေးဖြစ်တဲ့ Bitcoin ဟာ ဖေဖော်ဝါရီ ၃ ရက်မှာ ဒေါ်လာတသိန်းအောက် ပြန်ရောက်သွားခဲ့ပါတယ်။

ကျယ်ပြန့်တဲ့ စည်းကြပ်ခွန်ကြောင့် ငွေကြေးဖောင်းပွရာကနေ တိုးတက်မှု ထိခိုက်လာမှာ စိုးရိမ်တဲ့အတွက် ဒေါ်လာနဲ့ သက်တမ်းရှည် အမေရိကန်အစိုးရ ငွေတိုက်စာချုပ်တွေကလွဲရင် ကျန်တာတွေအကုန်လုံး ရောင်းထုတ်နေကြတယ်လို့ ဆိုပါတယ်။

ထရမ့်ပ် နိုင်ကတည်းက မာနေတဲ့ ဒေါ်လာဈေးက ဆက်မာနေပြီး စည်းကြပ်ခွန်ထိတဲ့ နိုင်ငံတွေဟာ သက်ရောက်မှုကို ခုနှိမ်ဖို့ သူတို့ငွေကြေးတွေကို အားနည်းအောင် လုပ်ထားနိုင်တယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက မှန်းဆထားကြပါတယ်။

နောက်ထပ် စည်းကြပ်ခွန်တပ်ခံရမှာက ဥရောပလို့ ပြောတဲ့အတွက် ယူရိုငွေကြေးတန်ဖိုးကလည်း ဖေဖော်ဝါရီ ၃ ရက်မှာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျသွားပါတယ်။

ကနေဒါ ဒေါ်လာကလည်း အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ နှစ် ၂၀ အတွင်း အနိမ့်ဆုံးကျခဲ့သလို တရုတ်ယွမ်လည်း ပြည်ပပို့ကုန်မှာ တန်ဖိုးကျလာခဲ့ပါတယ်။

ရေနံစျေးကတော့ တက်သွားပြီး စက်မှုလုပ်ငန်းသုံး သတ္တုဈေးတွေလည်း ထိုးကျကုန်ပါတယ်။

Barclays လိုမျိုး စတော့ လေ့လာဆန်းစစ်တဲ့ အဖွဲ့အစည်းတွေကတော့ အမေရိကန်ကုမ္ပဏီတွေရဲ့ ဝင်ငွေကျဆင်းမယ်လို့ပါ ခန့်မှန်းထားပြီး တကမ္ဘာလုံးက ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတဲ့ အပေါ်မှာပါ မရေရာမှုတွေ ရှိနေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013