Home
နိုင်ငံတကာ
ကုန်သွယ်ရေးစစ်ပွဲတွင် အမေရိကန်ပြည်သူများ ရေတိုနာကျင်မှုရှိနိုင်ဟု ထရမ့်ပ် ပြော
DVB
·
February 3, 2025
Photo: REUTERS/Carlos Barria

မက္ကဆီကို၊ ကနေဒါနဲ့ တရုတ်တို့အပေါ် စည်းကြပ်ခွန် (Tariff) ချမှတ်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံသားတွေအတွက် ရေတိုနာကျင်မှုတော့ ရှိနိုင်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ (EU) က သွင်းကုန်တွေအပေါ်မှာလည်း စည်းကြပ်ခွန်ကောက်သွားဖို့ ရှိတယ်လို့ပါ ထရမ့်ပ်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ အခိုင်မာဆုံး မဟာမိတ်ဖြစ်တဲ့ ဗြိတိန်အပေါ်မှာပါ မကောက်ဘူးလို့ အာမ မခံနိုင်ပေမဲ့ ဗြိတိန်ဝန်ကြီးချုပ်နဲ့ ညှိလို့ရနိုင်တယ်လို့ ပြောထားပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုကလည်း အမေရိကန်အပေါ် လက်တုံ့ပြန် စည်းကျပ်ခွန်ကောက်ခံကြောင်း ကြေညာထားပါတယ်။

တရုတ်ကတော့ အလားတူ တန်ပြန်အစီအမံတွေ အကောင်အထည် ဖော်သွားမယ်လို့သာ ပြောထားသေးပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှာ အမေရိကန်ကို တရားစွဲသွားမယ်လို့ ပြောသွားပါတယ်။

ထရမ့်ပ်က ကနေဒါ၊ မက္ကဆီကို ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားဖို့ရှိပေမဲ့ သူစိတ်ပြောင်းဖို့တော့ မရှိသေးဘူးလို့ ပြောထားပါတယ်။

ကနေဒါနဲ့ မက္ကဆီ ထုတ်ကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်းဆီ စည်းကြပ်ခွန်ကောက်တာ၊ တရုတ်အပေါ် ၁၀ ရာခိုင်နှုန်း ကောက်တာဟာ တကမ္ဘာလုံး တိုးတက်မှုကို နှေးကွေးသွားစေနိုင်သလို အမေရိကန်တွေအတွက်လည်း ကုန်စျေးနှုန်းတွေ တက်လာနိုင်တယ်လို့ ဝေဖန်သူတွေက သတိပေးထားပါတယ်။

ထရမ့်ပ်ကတော့ တရားမဝင် ရွှေ့ပြောင်းနဲ့ မူးယစ်မှောင်ခိုမှုတွေ ကိုင်တွယ်ဖို့၊ ပြည်တွင်း စက်မှုလုပ်ငန်းတွေကို ပံ့ပိုးဖို့အတွက် လိုအပ်လို့ လုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ဟာ အမေရိကန်ပို့ကုန်အားလုံးရဲ့ ထက်ဝက်နီးပါးအပေါ် သက်ရောက်မှု ရှိနေပါတယ်။

“ကျုပ်တို့ ရေတို နည်းနည်းနာကျင်နိုင်ပေမဲ့ လူတွေက ဒါကို နားလည်ကြပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်ပါ၊ အမေရိကန်ကို တကမ္ဘာလုံးက နိုင်ငံတိုင်းနီးပါးက နွှာခဲ့တာ ကြာပါပြီ” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ဟာ ဖေဖော်ဝါရီ ၄ ရက် ကူးပြီးပြီးချင်း အမေရိကန် အရှေ့ဖျားစံတော်ချိန်  ၁၂ နာရီ  ၁ မိနစ်မှာ စတင်သက်ဝင်မှာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ကောက်ခံမှု၊ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တန်ပြန်အခွန်ကောက်မှုတွေ အပြီးမှာ ကမ္ဘာ့ စတော့စျေးကွက်နဲ့ ငွေကြေးစျေးတွေ ကမောက်ကမဖြစ်ပြီး ကျဆင်းကုန်ပါတယ်။

Bitcoin ခရစ်ပတိုငွေကြေးဟာလည်း ဒေါ်လာတသိန်းအောက် ပြန်ကျသွားပါတယ်။ ဒေါ်လာတန်ဖိုးကတော့ မာလာခဲ့ပြီးတော့ ရေနံစျေးလည်း တက်လာပါတယ်။

အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ ကမ္ဘာတဝန်းမှာ ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာနိုင်တယ်လို့ သုံးသပ်သူတယောက်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောလိုက်ပါတယ်‌။

“အမေရိကန်အစိုးရရဲ့ ဒီလုပ်ဆောင်ချက်တွေဟာ ကမ္ဘာပေါ်မှာ စီးပွားရေးဆိုင်ရာ မသေချာ မရေရာမှုတွေ တိုးမြင့်လာလိမ့်မယ်” လို့ ဆစ်ဒနီတက္ကသိုလ် စီးပွားရေးဌာနက စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပါမောက္ခ ချိုဘုဟွေက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါ ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်မှုကြောင့် နှစ်စဉ်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ထရီလီယံကျော်ကို ထိခိုက်စေနိုင်ပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုတို့ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ တန်ပြန်အကောက်ခွန်တွေ ပြန်စည်းကြပ်ခဲ့လို့ ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး အဓိက စီးပွားရေးမိတ်ဖက်တွေကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်စေခဲ့ပါတယ်။

ပါမောက္ခ ချိုက တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်တွေ ကောက်ခံခြင်းဟာ တရုတ်နိုင်ငံထဲက ပြည်တွင်းကုန်ထုတ်လုပ်သူတွေအတွက် မျှော်လင့်မထားတဲ့ ကောင်းကျိုးတခု ရှိနေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ကုန်သွယ်ရေးတင်းမာမှုတွေကနေ အကျိုးကျေးဇူးတချို့ကို ရနိုင်မှာပါ။ ကုန်သွယ်ရေး တင်းမာမှုတွေနဲ့ လက်တုံ့ပြန်တဲ့ အခွန်စည်းကြပ်မှုတွေက ကမ္ဘာ့စီးပွားရေးအခင်းအကျင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတခု ဖြစ်တယ်လို့ ချိုက ပြောပါတယ်။

တချိန်က အပြန်အလှန်ဆက်နွှယ်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်တွေကြောင့် ချီးကျူးခံခဲ့ရဖူးတဲ့ ကမ္ဘာ့စီးပွားရေဟာ ခုအခါမှာ ပိုတိုးပြီး အစိတ်စိတ်အမြွှာမြွှာ ဖြစ်လာပြီလို့ ချိုက အလေးပေး ပြောခဲ့ပါတယ်။

ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာရင် အခြေအနေ ဆိုးရွားလာမှာကို ချိုက စိုးရိမ်နေတာပါ။ နိုင်ငံတွေက အခွန်စည်းကြပ်မှုနဲ့ တန်ပြန်အခွန်အကောက်တွေကို အပြန်အလှန် ဆက်ပြီး ကောက်ခံနေရင် စည်းလုံးညီညွတ်တဲ့ ကမ္ဘာ့စီးပွားရေးတရပ်ရဲ့ အယူအဆ လှိုက်စား ပျက်ပြားသွားလိမ့်မယ်လို့ သူက သုံးသပ်ပါတယ်။

နိုင်ငံတွေဟာ စုပေါင်းပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် အကျိုးအမြတ်ကို ဦးစားပေးနေရာကနေ အဲဒီအစား ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေးတဲ့ စီးပွားရေး အထီးကျန်ဝါဒနဲ့ အကာအကွယ်ပေးရေး ပတ်ဝန်းကျင်ကို ဖော်ဆောင်လာလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကုန်သွယ်ရေးစစ်ပွဲကို စတင်ပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ယွမ်ငွေတန်ဖိုးဟာ စံချိန်တင် အနိမ့်ဆုံးထိ ကျဆင်းသွားပါတယ်။ ကနေဒါနဲ့ မက္ကဆီကိုငွေကြေး ပီဆိုတို့ကတော့ ဖေဖော်ဝါရီ ၃ ရက်မှာ တန်ဖိုး မြင့်တက်သွားခဲ့တာပါ။

လုံခြုံတဲ့နေရာတခုမှာ ပုံမှန်ရပ်တည်နေပေမဲ့ ယူရိုငွေတန်ဖိုးဟာလည်း ၂ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးထိ ကျဆင်းသွားပါတယ်။

ဘေးကင်းတဲ့ ကောင်းကင်ဘုံလို့ တင်စားရတဲ့ ဆွစ်ဇာလန်က ဖရန့်ငွေဟာလည်း မေလတည်းက ခုထိ အားအနည်းဆုံး ဖြစ်ခဲ့လို့ အမေရိကန်ဒေါ်လာရဲ့ အကျိုးအမြတ်တွေ ကျယ်ပြန့်လာခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024