
တရုတ်နိုင်ငံနဲ့ ကချင်ပြည်နယ် နယ်စပ်ဂိတ်တွေ လက်ရှိ ဖွင့်ထားတာဖြစ်ပေမဲ့ မြန်မာနိုင်ငံသားတွေ ဝင်ထွက်ခွင့်မပြုကြောင်း ဒေသခံတွေဆီက သိရပါတယ်။
နယ်စပ်ဒေသခံ အမျိုးသမီးတယောက်က “ပစ္စည်းတွေ ဖြတ်လို့မရသေးဘူး။ ဒီမှာ မဖွင့်သေးဘူး။ ကြံသယ်ယူဖို့တောင် အချိန်ပြည့်မဖွင့်ဘူး။ အကန့်အသတ်နဲ့၊ အချိန်ကန့်သတ်ပြီးမှပဲ ဖွင့်ပေးတယ်။ ဒီ မိုင်ဂျာယန်၊ လွယ်ဂျယ်ဘက်မှာတော့ ပစ္စည်းတွေ ပေးမဖြတ်သေးဘူး” လို့ ပြောပါတယ်။
တရုတ်တွေ ကြံလာသယ်ယူတဲ့အချိန်ပဲ ဂိတ်ဖွင့်ယူကာ မိုင်ဂျာယန်မှာရော လွယ်ဂျယ်မှာရော အတူတူပဲလို့ သူကပြောပါတယ်။
လိုင်ဇာဒေသခံတယောက်က “တရုတ်ဘက်က ဘာမှပေးမဖြတ်ဘူး။ ဒီ ကျမတို့ဘက်ကတော့ ကြံတွေ၊ သူတို့ရဲ့ သံ၊ ကျောက်တွေပဲ ပေးဖြတ်သေးတာ။ ခပ်မာမာပဲ လောလောဆယ် တရုတ်တွေ” လို့ ပြောပါတယ်။
လောလောဆယ် ဂိတ်ကနေ လူဝင်လို့ မရသေးသလို ကုန်ပစ္စည်းတွေလည်း လောလောဆယ် တရုတ်ဘက်က တရားဝင် ဝင်တာမျိုးမရှိဘဲ မှောင်ခိုသယ်တဲ့သဘောပဲ ရှိတယ်လို့ သူက ပြောပါတယ်။
ယာဉ်မောင်းတယောက်က “ပန်ဝါဘက်ကျတော့ လဂွေသွားတဲ့ဘက်လမ်းက နယ်ခြားမှတ်တိုင် ၇ ဘက်ကနေ တရုတ်ကားတွေက ကျနော်တို့ ချန်းယင်ခူးဘက်ကို ဝင်လာတာပေါ့။ ကျနော်တို့က ချန်းယင်ခူး နားကနေစောင့်၊ အဲမှာ ကုန်တင် အဲလိုလုပ်ရတယ်” လို့ ပြောပါတယ်။
ကံပိုင်တည် နယ်စပ်ဂိတ်မှာတော့ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် သက်တမ်းမကုန်သေးတဲ့ မြန်မာနိုင်ငံသားတွေ ဝင်ထွက်လို့ရတယ်လို့ သူကပြောပါတယ်။
ပန်ဝါဒေသနဲ့ ကချင်-တရုတ်နယ်စပ်က မြေရှားသတ္တုသိုက်တွေမှာတော့ အသစ် ထပ်မံတူးဖော်တာမျိုး မရှိသေးပေမဲ့ တရုတ်လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံထားပြီးသား ကုန်စည် (တစ်သျှူးငှက်ပျော၊ မြေရှားသတ္တု) တွေကိုတော့ တရုတ်ဘက် သယ်ယူခွင့်ပြုတာမျိုး ရှိတယ်လို့ KIA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
MNDAA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုတော့ စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူကြောင်း တရုတ်အစိုးရဘက်က အသိပေးကြေညာတဲ့ ဇန်နဝါရီ ၂၀ ရက်မှာပဲ နယ်စပ်ဂိတ်တွေအားလုံး ဖွင့်လှစ်လိုက်ပြီး တရုတ်ဘက်ကနေ စားသောက်ကုန်တွေ တနိုင်တပိုင် သယ်ဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။