
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က လောင်းကစားဝိုင်းတွေကို ဖမ်းမိပေမဲ့ ငွေယူပြီး ဆက်လက်လုပ်ခွင့်ပေးနေတဲ့ ရဲအရာရှိတွေကို စစ်ကောင်စီရဲချုပ်က စစ်ဆေးနေတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက်မှာ ပုသိမ်မြို့ နောင်ရိုးဟိုတယ်က လောင်းကစားဝိုင်းတွေကို ပုသိမ်နယ်မြေရဲစခန်းက ၀င်ရောက်ဖမ်းဆီးပြီး လောင်းကစားငွေတွေ အပါအ၀င် သိန်း ၄၀၀ နီးပါး တောင်းယူကာ ပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဉ် သတင်းထွက်ပေါ်ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ရဲဌာနချုပ်က ပုသိမ်ရဲအရာရှိတွေကို စစ်ဆေးနေတာလို့ ဆိုပါတယ်။
တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က “တရားမဝင် လောင်းကစားလုပ်နေတာကို ဝင်ဖမ်းတော့ မိတယ်။ ရဲတွေက ငွေယူ ပြန်လွှတ်တယ်။ အမှုမဖွင့်တဲ့အပြင် ဒီလိုတွေလုပ်နေတာကို သတင်းဌာန တော်တော်များများမှာ တက်လာတယ်။ ရဲချုပ်ရုံးက ပထမအဆင့်အနေနဲ့ စုံစမ်းတော့ သေချာတာ သိသွားတယ်။ သေချာတော့ ရဲချုပ်ကိုယ်တိုင် စစ်ဆေးနေတာ” လို့ ပြောပါတယ်။
လက်ရှိ ပုသိမ်ခရိုင်နဲ့ မြို့နယ်က ရဲအရာရှိ ၉ ယောက်လောက်ကို ရဲချုပ်က စတင် စစ်ဆေးနေတာဖြစ်ပြီး တရားမဝင် မူးယစ်ဆေးဝါးတွေ ရောင်းချခွင့်ပေးတာနဲ့ KTV မှာ နေ့စဉ် ပျော်ပါးနေတာတွေပါ စစ်ဆေးပေါ်ပေါက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ပုသိမ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖဲဝိုင်း၊ ချဲ၊ နှစ်လုံးထီ၊ ခြောက်ကောင်ဝိုင်း စတဲ့ တရားမဝင် လောင်းကစားဝိုင်းတွေကို လိုင်းကြေးယူပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက ခွင့်ပြုပေးထားတာဖြစ်ပြီး အခုလိုလုပ်တာဟာ ဟန်ပြသက်သက်ပဲလို့ ဒေသခံတွေက ဆိုပါတယ်။