Home
နိုင်ငံတကာ
ဖက်ဒရယ်ပေးချေမှုစနစ်ကို အီလွန်မတ်စ်ခ်၏ DOGE ဌာန ဝင်ရောက်ထိန်းချုပ်
DVB
·
February 3, 2025
Photo: REUTERS/Mike Segar

နှစ်စဉ် ဒေါ်လာထရီလျံချီတဲ့ အစိုးရရန်ပုံငွေတွေ စီးဆင်းမှုကို ထိန်းချုပ်တဲ့ ဖယ်ဒရယ် ပေးချေမှုစနစ်ကို အီလွန်မတ်စ်ခ်ရဲ့ ဌာနသစ်က ဝင်ရောက်ကိုင်တွယ်ဖို့ ထရမ့်ပ် အစိုးရက ခွင့်ပြုပေးထားတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြပါတယ်။

မတ်စ်ခ် ဦးဆောင်တဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ဟာ ဌာနဆိုပေမဲ့ အစိုးရဌာနတခုလို လည်ပတ်နေတာမဟုတ်ဘဲ Team အဖွဲ့တခုလို လည်ပတ်နေတာဖြစ်ပါတယ်။

အခုအခါမှာတော့ DOGE ဟာ အမေရိကန်ပြည်သူတွေရဲ့ အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေကိုရော ပြည်ထောင်စုပေးချေမှုစနစ်ကိုပါ ဝင်ရောက်ကိုင်တွယ်ခွင့် ရသွားပြီလို့ သိရပါတယ်။

ဒီလို ဝင်ရောက်ခွင့်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ရဲ့ အကြီးအကဲ ၂ ယောက်ကို လစာနဲ့ ခွင့်ခံစားခွင့်ပေးပြီး တာဝန်က ဆိုင်းငံ့လိုက်ပါတယ်။

ဖက်ဒရယ်အစိုးရအသုံးစရိတ် လျှော့ချဖို့ဆိုတဲ့ ရည်ရွယ်ချက်အောက်မှာ မတ်စ်ခ်ရဲ့ DOGE ဌာနဟာ အစိုးရအေဂျင်စီ အများအပြားကို ဝင်ရောက်စီးနင်းတာတွေ၊ အချက်အလက်စနစ်တွေ ထိန်းချုပ်တာတွေ လုပ်ဆောင်နေပါတယ်။

မတ်စ်ခ်ရဲ့အဖွဲ့မှာ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ဆီလီကွန်တောင်ကြားက သူ့မဟာမိတ်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဘဏ္ဍာရေးဌာနနဲ့ နိုင်ငံတကာ အကူအညီပေးရေးတာဝန်ယူရတဲ့ USAID ကို ပစ်မှတ်ထား ထိန်းချုပ်တာဖြစ်ပါတယ်။

မတ်စ်ခ်က သူပိုင်တဲ့ X လူမှုကွန်ရက်မှာ USAID ကို မကောင်းဆိုးဝါးလို့ ခေါ်ဝေါ်ခဲ့ပြီး ဘဏ္ဍာရေးဌာန ဝန်ထမ်းတွေဟာ နာရီတိုင်း ဥပဒေချိုးဖောက်နေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။

DOGE က ဝင်ရောက်ကိုင်တွယ်တဲ့ ဘဏ္ဍာရေးဌာနခွဲဟာ လူမှုဖူလုံရေး၊ အစိုးရလစာ၊ လွှတ်တော်က ခွဲဝေချထားပေးတဲ့ ငွေကြေးတွေလို ပရိုဂရမ်တွေအတွက် ဒေါ်လာ ၆ ထရီလျံနီးပါး ပေးချေမှုကို ကိုင်တွယ်နေရတာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ ဘဏ္ဍာရေးဝန်ကြီးသစ်က ဒီလိုမျိုးထိန်းချုပ်ခွင့်ကို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ဌာနက အဓိကတာဝန်ရှိသူလည်း ချက်ချင်း အငြိမ်းစားယူသွားပါတယ်။

ကမ္ဘာတဝန်း အကူအညီတွေ ဒေါ်လာဘီလီယံချီ ပေးနေတဲ့ USAID ကိုလည်း မတ်စ်ခ်ရဲ့အဖွဲ့က ထိန်းချုပ်ထားတယ်လို့ ယူဆရပြီး ပြီးခဲ့တဲ့ စနေနေ့ကတည်းက အေဂျင်စီဝက်ဘ်ဆိုက် အလုပ်မလုပ်တော့ပါဘူး။ USAID ရဲ့ X လူမှုကွန်ရက်အကောင့်လည်း ပိတ်သွားတာ တွေ့ရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013