ဗြိတိန်ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ ဗြိတိန်ဘုရင် ချားစ်ကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က တောင်းဆိုလိုက်ပါတယ်။
လက်ရှိအစိုးရအဖွဲ့ထဲမှာ ပါနေတဲ့ ပုဂ္ဂိုလ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်က “လက်သပ်မွေးဂိုဏ်း”လို့ ထင်ရှားတဲ့ ကလေးသူငယ်လိင်အလွဲမှု အရှုပ်တော်ပုံကို ကိုင်တွယ်ဖြေရှင်းရာမှာ ပျက်ကွက်မှုတွေရှိခဲ့တာကြောင့် အပြစ်ရှိသူတွေဖြစ်တယ်လို့ မတ်စ်ခ်က စွပ်စွဲခဲ့ပါတယ်။
ဗြိတိန်တာဝန်ရှိသူတွေကတော့ မတ်စ်ခ်ဟာ လူမှုကွန်ရက်မှာ အချက်အလက်အားဖြင့် မတိကျတဲ့ တောင်းဆိုမှုတွေကို မျှဝေနေတာသာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
မတ်စ်ခ်က “ချားစ်ဘုရင်အနေနဲ့ သူ့တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဆင်ခြင်ပြီးတော့ ဒီကိစ္စကို စဉ်းစားပေးဖို့ မျှော်လင့်ကြောင်း” သူပိုင်တဲ့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် ကီယာစတာမာဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ပြည်သူ့ရေးရာ တရားစွဲဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်ခဲ့ပြီး အဲဒီအချိန်မှာ ကလေးလိင်အမြတ်ထုတ်တဲ့ ဂိုဏ်းကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း မတ်စ်ခ်က အခြားပို့စ်တွေမှာ စွပ်စွဲခဲ့ပါတယ်။
ဗြိတိန်သမိုင်းမှာ အဆိုးဆုံး အစုလိုက်ရာဇဝတ်မှုကြီးအတွက် စတာမာကိုပါ စွဲချက်တင်သင့်တယ်လို့ မတ်စ်ခ်က ဆိုပါတယ်။
ဒါ့အပြင် အင်္ဂလန်၊ အိုးလ်ဒ်ဟမ်းမှာ ဖြစ်ခဲ့တဲ့ အဲဒီအရှုပ်တော်ပုံအပေါ် အစိုးရဦးဆောင်ပြီး စုံစမ်းဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဒုဝန်ကြီးဖြစ်တဲ့ ဂျက်စ်ဖီးလစ်ပ်လည်း နုတ်ထွက်သင့်တယ်လို့ မတ်စ်ခ်က တောင်းဆိုခဲ့ပါတယ်။
အဲဒီကိစ္စအတွက် အိုးလ်ဒ်ဟမ်း တာဝန်ရှိသူတွေက ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ပဲ ဖွဲ့သင့်တယ်လို့ ဖိလစ်က မှတ်ချက်ပေးခဲ့ပါတယ်။
၂၀၂၂ တုန်းကလည်း အဲဒီကိစ္စအတွက် အစိုးရကော်မရှင်ဖွဲ့ရေးကို ကွန်ဆာဗေးတစ်အစိုးရကလည်း ငြင်းပယ်ခဲ့ဖူးပါတယ်။
ဗြိတိန်ဘုရင်ဟာ ပါလီမန်လွှတ်တော်ကို ဖျက်သိမ်းနိုင်ပေမဲ့ သမိုင်းအစဉ်အလာအရ ရွေးကောက်ပွဲသစ်ကျင်းပဖို့ လိုအပ်လို့ ဝန်ကြီးချုပ်က တောင်းဆိုမှသာ ဖျက်သိမ်းပေးလေ့ ရှိပါတယ်။ အထွေထွေရွေးကောက်ပွဲတွေ မကျင်းပမီ ၂၅ ရက်အလိုမှာ ပါလီမန်ကို ဖျက်ရလေ့ရှိပါတယ်။
လက်ရှိပါလီမန်ဟာ အသက်ဝင်ပြီး သူ့တာဝန်သူ ထမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ယူဆရင်၊ ရွေးကောက်ပွဲ ကျင်းပတာဟာ တိုင်းပြည်စီးပွားရေးကို ထိခိုက်ရင် ဖျက်သိမ်းဖို့ တောင်းဆိုချက်ကို ဘုရင်က ပယ်ချနိုင်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ နေရာရလာတဲ့ မတ်စ်ခ်ဟာ ဥရောပနိုင်ငံရေးမှာပါ လက်ယာစွန်းဝါဒီတွေဘက်က ရပ်တည်ပေးနေပါတယ်။
ဗြိတိန်လက်ယာစွန်းဝါဒီ Reform UK ပါတီကို ရန်ပုံငွေထောက်ပံ့ဖို့ လုပ်နေသလို လက်ရှိအာဏာရ လက်ဝဲယိမ်း လေဘာပါတီကိုပါ တိုက်ခိုက်လာတာ ဖြစ်ပါတယ်။
ဂျာမနီမှာလည်း လက်ယာစွန်းဝါဒီ Alternative for Deutschland (AfD) ပါတီကို ထောက်ခံပြီး လက်ရှိအာဏာရညွန့်ပေါင်းကို တိုက်ခိုက်တဲ့ ဆောင်းပါးတစောင် ရေးသားခဲ့ပါတယ်။
အီတလီ လက်ယာယိမ်းဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်ထားပါတယ်။
Source : Reuters