Home
ရုပ်သံ
မဲ့ပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲရုပ်သံ BPLA ထုတ်ပြန်၊ တပ်ရင်းမှူးအပါ ၂၉ ဦး ဖမ်းမိ
DVB
·
February 3, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး တပ်ရင်းမှူး အပါအဝင် ၂၉ ယောက် အရှင်ဖမ်းဆီးရရှိတယ်လို့ BPLA ဆီကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မဲ့ပလီတပ်စခန်းကို ဖေဖော်ဝါရီ ၁ ရက်မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် ၂၉ ယောက်ကို အရှင်ဖမ်းဆီးရရှိခဲ့သလို လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်းက DVB ကို ပြောပါတယ်။

“အခု မဲ့ပလီတိုက်ပွဲထဲမှာပါတဲ့ EAO တွေက ကျနော်တို့တွေနဲ့ မဟာမိတ်တွေပါပဲ။ မဲ့ပလီတိုက်ပွဲကနေ စစ်သုံ့ပန်းအ‌နေနဲ့ တပ်ရင်းမှူး အပါအဝင် စကစတပ်ဖွဲ့ဝင် ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ၁၂၂ တလက်၊ ၁၂၀ နှစ်လက်၊ ၈၁၊ ၆၀၊ ပွိုင့်ဖိုက်နဲ့ လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံ သိမ်းဆည်းရမိခဲ့ပါတယ်။”

စစ်ကောင်စီလေတပ်က မဲပလီစခန်းကို လေကြောင်းပစ်ကူပေး ခုခံနေတဲ့ကြားကနေ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဘီလင်းမြို့နယ်၊ မဲ့ပလီစစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တလကျော် တိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိပြီး အဲဒီစခန်းဟာ စစ်ရေးအရ အချက်အချာကျတဲ့ ဗျူဟာ စစ်တပ်စခန်းတခုဖြစ်သလို လက်နက်ကြီးတွေနဲ့ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေအတွင်း ပစ်ခတ်ခဲ့တဲ့ စစ်တပ်စခန်းတခု ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဖမ်းစီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေကိုတော့ မဟာမိတ်တွေရဲ့ စစ်သုံ့ပန်းမူဝါဒနဲ့အညီ စနစ်တကျ ဆေးကုသမှုပေးပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ BPLA ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013