Home
မြန်မာသတင်း
ဗန်းမော်ထောင်မှ အကျဉ်းသားများအတွက် မိသားစုဝင်များ စိုးရိမ်နေကြ
DVB
·
February 2, 2025

ကချင်လွတ်မြောက်ရေးတပ်မတော်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အကျဉ်းထောင်မှာ အကျဉ်းကျခံနေရသူတွေနဲ့ အဆက်အသွယ်မရတာကြောင့် အကျဉ်းသားတွေရဲ့ အသက်အန္တရာယ်ကို မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဗန်းမော်အကျဉ်းထောင်ဟာ နှောင်ခိုရပ်ကွက်က စကခ ၂၁ စစ်တပ်ဝန်းအတွင်းမှာ တည်ရှိနေတာဖြစ်ပြီး စကခ ၂၁ ပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။

ဗန်းမော်မြို့သိမ်းတိုက်ပွဲမဖြစ်ခင် ၂ လလောက် အလိုကတည်းက ထောင်ဝင်စာပို့ခွင့်မရတော့သလို တိုက်ပွဲပြင်းထန်နေတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေကြရတယ်လို့ နိုင်ငံရေးမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ အကျဉ်းကျခံနေရသူတယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။

“မိုးမောက် စသိမ်းကတည်းကနေ ထောင်ဝင်စာပို့ဖို့ ခက်လာပြီ။ အဲဒီနောက် ဗန်းမော်မှာ တိုက်ပွဲမဖြစ်ခင် ၂ လလောက်ကတော့ တွေ့ခွင့်ရသေးတယ်။ အဲဒီကတည်းကနေ အခုထိ ဘာမှမသိရသေးဘူး။ ထောင်က စစ်တပ်နားပဲဆိုတော့ ထောင်ထဲလည်း ထိရင်ထိမှာ။ လက်နက်ကြီးရော၊ လေယာဉ်ရော အဲဒီလောက်ပစ်နေတာဆိုတော့ တိုက်ပွဲလည်း ပြင်းထန်နေတယ်လို့လည်း ကြားရတော့ ထွက်လာလို့လည်း လွယ်မှာမဟုတ်ဘူး”

ဗန်းမော်မြို့အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် ဝင်ရောက်ခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ အကျဉ်းထောင်ပွင့်တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ မြေပြင်အခြေအနေမှာတော့ ဗန်းမော် အကျဉ်းထောင်က အကျဉ်းသားတွေဟာ ထောင်ထဲမှာရှိနေဆဲ ဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ငွေကြေးအဆင်ပြေတဲ့ မိသားစုက အကျဉ်းသားတွေဟာ စစ်ကောင်စီတပ်သားတွေကို ငွေကြေးပေးပြီး လွတ်မြောက်လာသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် DVB က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဗန်းမော်မြို့က စကခ ၂၁ နဲ့ ဆက်စပ်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

ဗန်းမော် မံစီ အထွက် ဖန်းကားကုန်းရပ်ကွက်က ခလရ ၄၇ စစ်ကောင်စီတပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော်က ဝင်ရောက်နိုင်ပြီး စစ်ကောင်စီတပ်သားတွေကို ဝိုင်းဝန်း ပိတ်ဆို့ထားသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013