
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်တို့က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ အီယဲလ် ဇာမီးရား ကို တပ်မတော်စစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ဖို့ သဘောတူလိုက်ပါတယ်။
ဒီကြေညာချက်ကို ဝန်ကြီးချုပ်ရုံးက ဖေဖော်ဝါရီ ၁ ရက်နေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ လက်ရှိစစ်ဦးစီးချုပ် ဟာဇီဟယ်လီဗီ နုတ်ထွက်မယ်လို့ ကြေညာပြီး နှစ်ပတ်လောက်အကြာမှာ ထွက်ပေါ်လာတာပါ။
စစ်တပ်မှာ ၂၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစားဗိုလ်မှူးချုပ် အီယဲလ် ဇာမီးရားဟာ ၁၅ လကြာ ဂါဇာစစ်ပွဲအလွန် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) ကို ဦးဆောင်ရမှာဖြစ်ပါတယ်။
ဇာမီးယားဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ဂါဇာနယ်စပ်အပါအဝင် စစ်ဆင်ရေးနဲ့ကာကွယ်ရေးတာဝန်ရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ဦးစီးခဲ့ဖူးပြီး နေတန်ယာဟုရဲ့ စစ်ရေးအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ဟယ်လီဗီဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ်တို့ရဲ့ တိုက်ခိုက်မှုကိုမတားဆီးနိုင်ခဲ့တဲ့ လုံခြုံရေးပျက်ကွက်မှုအတွက် တာဝန်ယူပြီး နုတ်ထွက်ဖို့ဆုံးဖြတ်တာဖြစ်ပါတယ်။
သူဟာ မတ် ၆ ရက်နေ့မှာ ရာထူးကနုတ်ထွက်မှာဖြစ်ပြီး၊ စစ်ဦးစီးချုပ်သစ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန်တာဝန်လွှဲမယ်လို့ဆိုပါတယ်။
အောက်တိုဘာ ၇ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ လောက် သေဆုံးခဲ့ပြီး၊ ၂၅၀ လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ကိစ္စအတွက် နေတန်ယာဟုအစိုးရရဲ့ တာဝန်ရှိမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုမှုတွေလည်းရှိနေပေမဲ့ အစ္စရေးအစိုးရဘက်ကတော့ ငြင်းထားပါတယ်။
Source: Reuters