Home
မြန်မာသတင်း
အမေရိကန်က ပညာသင်ဆုပေးသည့် အစီအစဉ် ရပ်ဆိုင်းသဖြင့် မြန်မာကျောင်းသားများ အခက်ကြုံ
DVB
·
January 31, 2025
Photo-Reuters

အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံပညာရေးအတွက် ထောက်ပံ့ပေးတာတွေကို ရပ်ဆိုင်းလိုက်တဲ့ အတွက် ပြည်ပက ပညာသင်ဆုရ မြန်မာကျောင်းသားတွေ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပညာသင်ဆုအတွက် ဒေါ်လာ ၄၅ သန်းကို ဖြတ်တောက်လိုက်ကြောင်း ပြောဆိုခဲ့တာပါ။

“ဗမာပြည်က မတူကွဲပြားမှုဆိုင်ရာ ပညာသင်ဆုအတွက် ဒေါ်လာ ၄၅ သန်းကို ပိတ်ဆို့လိုက်ပါတယ်။ ဒါဟာ အတော်များတဲ့ ငွေပမာဏပါ။ အဲဒီငွေတွေ ဘယ်ရောက်သွားမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါဟာ ယာယီရပ်ဆိုင်းမှုအရ သက်ရောက်မှုရှိခဲ့တဲ့ ငွေပေးချေမှုပုံစံတွေ ဖြစ်ပြီး ဒါမျိုး အများကြီးရှိပါသေးတယ်။ သင့်လျော်တဲ့နေရာတွေဆီ ငွေကြေးစီးဆင်းစေလိုတဲ့အတွက် ကျနော်တို့ဘက်က ဒါကို အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီမှာ တနေကုန်ရပ်ပြီး ရှာဖွေတွေ့ရှိထားတဲ့ အကြောင်းအရာတွေ ပြောပြပေးနိုင်ပါတယ်။ အမေရိကန်ပြည်သူတွေ အနေနဲ့လည်း အဲဒီလုပ်ဆောင်ချက်တွေအပေါ် အပြည့်အ၀ ထောက်ခံမှုရှိပါတယ်။ မဲဆွယ်စည်းရုံးရေး ကာလကတည်းက ဒီကိစ္စကို ပြောခဲ့ဖူးတဲ့အပြင် စံချိန်တင် မဲအရေအတွက်နဲ့ပါ ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။”

အခုလို ပိတ်ဆို့ခံလိုက်ရတဲ့ ပညာသင်ဆုအစီအစဉ်က ပြည်တွင်းက အခြေခံကျောင်းသားတွေ အပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင်မြင့် တက္ကသိုလ်တွေမှာ ပညာသင်ကြားနိုင်မယ့် ပညာသင်ဆု အစီအစဉ် ဖြစ်ပါတယ်။

အခုလို ပညာသင်ဆု အစီအစဉ်ကို ရပ်ဆိုင်းလိုက်တဲ့အတွက် လက်ရှိ ပညာသင်ဆုရထားတဲ့ ကျောင်းသားတွေ အပါအဝင် နောက်နှစ်အတွက် ပညာသင်ဆုရရှိလာမယ့် ကျောင်းသားတွေအတွက် ခက်ခဲလာနိုင်တယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှာ Public Policy နဲ့ မဟာဘွဲ့အတွက် ပညာသင်ဆုရရှိထားတဲ့ ကျောင်းသားတယောက်က ပြောပါတယ်။

“ကျနော်ကတော့ တနှစ်ပရိုဂရမ်ပဲဆိုတော့ ကျောင်းလခလည်း အပြည့်သွင်းပြီးပြီဆိုတော့ ကျောင်းပြီးအောင် တက်လို့ရသွားတယ်။ သို့ပေမဲ့ နှစ်ရှည်ပရိုဂရမ်တွေ ကျောင်းလခကို semester အလိုက် သွင်းရတဲ့ကျောင်းတွေ အတွက်ကျ ကျောင်းလခထပ်သွင်းဖို့ ခက်ခဲသွားလိမ့်မယ်။ အဲဒါဆို ကျောင်းဘက်နဲ့ ကျောင်းသားနဲ့က နားလည်မှုမရှိရင် စာဆက်သင်ဖို့ ရပ်သွားမယ့် အခက်အခဲက စဖြစ်လာမယ်။ ကျောင်းလခရတယ် ဆိုရင်တောင် DISP က ကျနော်တို့ကို နေထိုင်ခွင့်တွေ တခြားထောက်ပံ့ကြေးတွေ ပေးထားတာဆိုတော့ အဲဒါတွေ အတွက်လည်း စပြီး စဉ်းစားရမယ့်အခြေအနေ ဖြစ်လာတာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပေးတဲ့ စကောလားရှစ်တခု ပျောက်သွားတယ်လို့ ပြောရမယ်ဗျ။ ပြီးတော့ ပမာဏများများပေးတဲ့ဟာ ပျောက်သွားတာဆိုတော့ နောက်လာမယ့်နှစ်တွေရဲ့ ကျောင်းသားတွေအတွက် ပိုပြီး ခက်ခဲမှုများလာမယ်လို့ ပြောရမယ်။”

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မဟာချူလာလန်ကွန်းတက္ကသိုလ်မှာ အင်္ဂလိပ်စာမေဂျာအတွက် လေးနှစ်စာ ပညာသင်ဆုရ ကျောင်းသားတယောက်ကလည်း လာမယ့်နှစ်တွေအတွက်  တိတိကျကျ အသိပေး ပြောဆိုထားတာ မရှိသေးကြောင်း ပြောပါတယ်။

“စကောလားရှစ်အတွက် စာချုပ်မှာ လက်မှတ်ထိုးတုန်းကတော့ လေးနှစ်ပေးမယ်လို့ လက်မှတ်ထိုးတာပေါ့နော်။ လောလောဆယ်တော့ USAID DISP အောက်ကနေ ကျနော်တို့ကို ဘာပြောလဲဆိုတော့ သူတို့ဘက်က လောလောဆယ် ရပ်ထားတာတော့ဟုတ်တယ်၊ ရှေ့ဆက် ဘာလုပ်မလဲ ဆိုတာတော့ သူတို့လည်း သေချာမသိသေးဘူး။ သိရရင် ပြောပြမယ်လို့တော့ ပြောထားတယ်။ ရပ်လိုက်ပြီ၊ လုံးဝဆက်မပေးတော့ဘူး ဘာညာဆိုပြီး ပြောတာမျိုးတော့ မရှိသေးဘူး။ တကယ်လို့ နောက်နှစ်တွေ မရတော့ဘူးဆိုရင်တော့ ပြင်ပအဖွဲ့အစည်းက မဟုတ်ဘဲ ကျောင်းကပေးတဲ့ စကောလာကို လျှောက်ဖို့တော့ စဉ်းစားထားပါတယ်။”

ပညာသင်ဆုတွေ ရပ်ဆိုင်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ USAID ဘက်ကို DVB က အီးမေးလ်ပို့ မေးမြန်းခဲ့ရာမှာတော့ ပြန်လည်သုံးသပ်နေချိန်ဖြစ်လို့ နိုင်ငံခြားရေးဝန်ကြီးဆီက ခွင့်ပြုချက်မရတဲ့ အစီအစဉ်တွေနဲ့ ထောက်ပံ့ငွေ အားလုံးကို ယာယီရပ်ဆိုင်းထားရမှာ ဖြစ်ကြောင်းနဲ့ ရှိပြီသား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်လုပ်ဆောင်ဖို့ USAID ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းထားကြောင်း ပြန်လည်ဖြေဆိုပါတယ်။

USAID ပြောရေးဆိုခွင့်ရှိသူက “ဒီအချိန်က ပြန်လည်သုံးသပ်နေတဲ့အချိန်ဖြစ်လို့ နိုင်ငံခြား အကူအညီ ရန်ပုံငွေကို အသုံးပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဆီက ခွင့်ပြုချက်မရတဲ့ အစီအစဉ်တွေနဲ့ ထောက်ပံ့ငွေ အားလုံးကို ယာယီရပ်ဆိုင်းထားရမှာ ဖြစ်ပါတယ်။ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေအတွက် နိုင်ငံခြားရေးဌာနက ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားတဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့သူတွေအနေနဲ့ အလုပ်တွေကို ပြန်လည်စတင် လုပ်ကိုင်တာ ဒါမှမဟုတ် ဆက်ပြီး လုပ်ကိုင်သင့်ပါတယ်” လို့ ပြောပါတယ်။

ရပ်တန့်လိုက်တဲ့ DISP ပညာသင်ဆုအစီအစဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်စမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး မြန်မာကျောင်းသားတွေကို သီးသန့်ပေးတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကနေ ပညာသင်နှစ် ၅ နှစ်တာကာလအတွက် ကျောင်းသား ၁,၀၀၀ ကျော်ကို Degree Program ပညာသင်ဆု ၃၅၀ ကျော်နဲ့ Non Degree Program ပညာသင်ဆု ၄၅၀ ကျော်တို့ကို ထောက်ပံ့နိုင်မှာလည်း ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013