Home
နိုင်ငံတကာ
အမေရိကန် လေယာဉ်နှင့် စစ်ရဟတ်ယာဉ် တိုက်မိမှုတွင် လိုက်ပါလာသူအားလုံး သေဆုံး 
DVB
·
January 31, 2025
Photo : U.S. COAST GUARD

အမေရိကန်မှာ နှစ်ပေါင်း ၂၀ ကျော်အတွင်း လူ ၆၇ ယောက် သေဆုံးခဲ့ရတဲ့ အဆိုးရွားဆုံး လေကြောင်းမတော်တဆဘေး အန္တရာယ်ဖြစ်ခဲ့မှုအတွက် သမ္မတ ဒေါ်နယ်ထရမ့်ပ်က  သူ့အရင်သမ္မတဟောင်း ဘိုင်ဒင်ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဇန်နဝါရီ ၃၀ ရက်က ဝါရှင်တန်ဒီစီလေဆိပ်မှာ အမေရိကန်စစ်တပ်ရဟတ်ယာဉ်နဲ့ အမေရိကန်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစီး တိုက်မိခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါ လာသူ အားလုံးစုစုပေါင်း  ၆၇ ယောက် သေဆုံးခဲ့တာပါ။ လက်ရှိအချိန်အထိ သေဆုံးသူ  ၂၈ ယောက်ရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပါတယ်။ 

အမေရိကန် လေကြောင်းလိုင်းဖြစ်တဲ့ ဘွန်ဘာဒီယာဟာ ခရီးသည် အယောက် ၆၀ နဲ့ လေယာဉ်အမှုထမ်း ၄ ယောက် ပါဝင်ကာ ဝါရှင်တန်ဒီစီရှိ ရေဂင်လေဆိပ်ကို ဆင်းသက်ဖို့ ပြင်နေတုန်း စစ်မှုထမ်း ၃ ယောက် လိုက်ပါလာတဲ့ ဘလက်ဟော့ စစ်ရဟတ်ယာဉ်နဲ့ တိုက်မိခဲ့တာပါ။  

ဘာ့ကြောင့်တိုက်မိလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ လေယာဉ် ၂ ဆင်း တိုက်မိမှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

လက်ရှိအချိန်မှာ ဂျက်လေယာဉ် ရဲ့ Black Box ကို ရှာတွေ့ထားပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖိုင်က အဲဒီလေယာဉ် ၂ စင်းလုံးက ပုံမှန်ပျံသန်းမှုအတိုင်း ပျံသန်းခဲ့ပြီး ဆက်သွယ်ရေး ပြတ်တောက်တာမျိုးလည်း မရှိဘူးလို့ ပြောပါတယ်။

ရေဒီယိုဆက်သွယ်ရေးမှတ်တမ်းတွေက စစ်ရဟတ်ယာဉ်က ဂျက်လေယာဉ်နားကို ချဉ်းကပ်လာတယ်ဆိုတာ အသိပေးခဲ့ပြီး လမ်းကြောင်းပြောင်းဖို့ အမိန့်ပေးခဲ့ပါတယ်။

သမ္မတထရမ့်ပ်ကတော့ ရဟတ်ယာဉ်မောင်းသူတွေကို ပြစ်တင်ဝေဖန်ခဲ့ပြီး လေကြောင်းထိန်းသိမ်းသူတွေကိုတော့ အပြစ်ရှိမရှိ မသိသေးကြောင်း ပြောဆိုခဲ့ပါတယ်။

“လေယာဉ်တိုက်မှု ဘာ့ကြောင့်ဖြစ်တယ်ဆိုတာ ကျနော်တို့ မသိပါဘူး။ ဒါပေမဲ့ ကျနော်တို့မှာ အားကောင်းတဲ့ အမြင်နဲ့ စိတ်ကူးတွေရှိပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်ရဲ့မြို့တော် ဝါရှင်တန်ဒီစီမှာ လေကြောင်းပျံသန်းမှုဟာ မကြာခဏ ပြည့်ကျပ်နေတတ်ပြီး လေဆိပ် ၃ ခုနဲ့ စစ်ဘက်ဆိုင်ရာ လေဆိပ်တွေလည်း ရှိပါတယ်။

ရေဂင်လေဆိပ်မှာ လေယာဉ်ပြေးလမ်း အမြဲတမ်း ပြည့်ကျပ်နေမှုကိုလည်း စိုးရိမ်မှုတွေ မြင့်နေပါတယ်။

ဒီလို လေကြောင်းခရီးစဉ်တွေ များပြားမှုကြောင့် ၂၀၂၄ ခုနှစ် မေလကလည်း လေယာဉ် ၂ စီး တိုက်မိလုနီးပါး ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေလည်း အများအပြား ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်မှာ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်း နည်းပါးတာကလည်း လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

ထရမ့်ပ်ကတော့ ဒီမိုကရက်တစ်သမ္မတဟောင်း ဘိုင်ဒင်ကို လေယာဉ်အမှုထမ်း ခန့်ထားမှုနဲ့ ပတ်သက်လို့ စံနှုန်းလျော့တယ်လို့ ဝေဖန်ထားပြီး FAA ရဲ့ မတူကွဲပြားမှုဆိုင်ရာ ကြိုးပမ်းမှုတွေက ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို အားနည်းစေခဲ့တယ်လို့လည်း အကြံပြုပါတယ်။

ထရမ့်ပ်ဟာ သမ္မတရာထူးစယူတဲ့ ဇန်နဝါရီ ၂၀ ရက်ကစပြီး ဖက်ဒရယ် မတူကွဲပြားမှု လုပ်ငန်းစဉ်တွေကို အမြန်ဆုံးရပ်တန့်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ခွဲခြားဆက်ဆံမှု သမိုင်းကို ကျော်လွှားခဲ့တဲ့ တိုးတက်မှုတွေကို နောက်ပြန်ဆုတ်နေတယ်လို့ အခွင့်အရေးကာကွယ်သူတွေက ဝေဖန်ခဲ့ပါတယ်။

ထရမ့်ပ်က FAA စာတမ်းတခုကို ဖတ်ပြခဲ့ပါသေးတယ်။ ကိုယ်ခန္ဓာနဲ့ စိတ်မသန်စွမ်းသူများဟာ လေကြောင်းထိန်းသိမ်းရေးဝန်ထမ်း လျှောက်ထားမှုအတွက် အလိုအလျောက် ပယ်ချမှာ မဟုတ်ကြောင်း ဖော်ပြချက်ကို ထရမ့်ပ်က ဖတ်ပြခဲ့တာဖြစ်ပါတယ်။

ဘိုင်ဒင်ရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီတီဘူဒါဂျက်က ဒီစာတမ်းကို ၂၀၁၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး ထရမ့်ပ်ရဲ့ ပထမသမ္မတသက်တမ်းဖြစ်တဲ့ ၂၀၁၇-၂၀၂၁ ခုနှစ်တွေမှာ ဒီအချက်အလက်တွေ အွန်လိုင်းမှာ ဆက်ရှိနေပါတယ်။

ပီတီဘူဒါဂျက်ကတော့ ထရမ့်ပ်ရဲ့ ပြောကြားချက်တွေကို စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။

မိသားစုတွေ ဝမ်းနည်းနေချိန်မှာ ထရမ့်ပ်က ခေါင်းဆောင်မှု ပေးသင့်ပါတယ်။ မမှန်တာတွေ မပြောသင့်ပါဘူးလို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013