Home
မြန်မာသတင်း
အမေရိကန် အကူအညီဆိုင်းငံ့မှု မြန်မာမီဒီယာများ ဆက်လက်ရပ်တည်ရေး အခက်ကြုံလာနိုင်
DVB
·
January 30, 2025
Photo: DVB

အမေရိကန်အစိုးရရဲ့ နိုင်ငံတကာကို အကူအညီပေးနေတဲ့ အစီအစဉ်တွေ ဆိုင်းငံ့လိုက်တာကြောင့် မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဆက်လက်ရပ်တည်ရေးဟာ ကြီးမားတဲ့စိန်ခေါ်ချက် ဖြစ်လာနိုင်တယ်လို့ သတင်းသမားတွေက သုံးသပ် ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး ၅ ရက်အကြာမှာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက်က လူသားချင်းစာနာအကူအညီပေးရေး လုပ်ငန်းတွေကို ဇန်နဝါရီ ၂၅ ရက်က စတင်ကာ ရုတ်တရက် ရပ်နားလိုက်ပါတယ်။

ဒီအခြေအနေဟာ  မြန်မာပြည်တွင်းက လူသားချင်းစာနာမှုအကူအညီတွေ ပေးနေတဲ့ လုပ်ငန်းတွေအပြင် လွတ်လပ်တဲ့ မီဒီယာတွေ ဆက်လက်ရပ်တည်နိုင်ဖို့ပါ စိန်ခေါ်ချက် ဖြစ်လာတယ်လို့ ပြည်တွင်းမီဒီယာတွေမှာ ဦးဆောင်နေသူတွေက ပြောပါတယ်။

ထောက်ပံ့မှုတွေကို ဆိုင်းငံ့ထားတဲ့ ရက်ပေါင်း ၉၀ ရဲ့ အစောပိုင်းနေ့ရက်တွေမှာပဲ မြန်မာသတင်းဌာနတချို့မှာ လစာဆက်မပေးနိုင်တော့တာတွေ၊ ဝန်ထမ်းဦးရေ လျှော့ချတာတွေ စတင်ကြုံနေကြရပါတယ်။

ဝါရင့်သတင်းစာဆရာ ဆရာဦးမြင့်ကျော်က “သတင်းသမားတွေ ဝန်ထမ်းတွေကို လစာမပေးနိုင်တာတွေ အလုပ်ရပ်နားတာတွေကို အခုကြုံတွေ့နေရပြီပေါ့နော်။ အခုလို အခြေအနေမျိုးမှာ မီဒီယာတွေက ကိုယ့်ဟာကိုယ် ကြော်ငြာနဲ့ ရပ်တည်ဖို့ဆိုတာ အရင်အခြေအနေလို မျှော်လင့်ချက်က လုံးဝမရှိသလောက်ပဲ။ ဘာလို့ဆိုတော့ ပြည်တွင်းမှာ အခြေစိုက်တာလည်း မဟုတ်ဘူး။ စီးပွားရေးကလည်း သိတဲ့အတိုင်းပဲ။ ပြည်တွင်းစစ်နဲ့ စီးပွားရေး အားလုံးကျဆင်းတဲ့ အခြေအနေမှာ၊ ပြည်ပမှာ အခြေစိုက်တဲ့ မီဒီယာတွေဆီမှာလည်း ပြည်တွင်းကလုပ်ငန်းတွေက ဘယ်သူမှ လာမကြော်ငြာကြဘူး။ အခွင့်အလမ်းတွေမရှိတဲ့အချိန်မှာ အခုလိုမျိုး အကူအညီတွေ ဖြတ်တောက်တာက တော်တော်လေးကြီးမားတဲ့ သက်ရောက်မှု ဖြစ်စေတယ်လို့ မြင်တယ်။ မီဒီယာဗဟုဝါဒပေါ့၊ မတူညီတဲ့ ရှုထောင့်မျိုးစုံနဲ့ တင်ဆက်တာမျိုးကို ထိခိုက်စေတယ်” လို့ ပြောပါတယ်။

အခုလို အထောက်အပံ့တွေ ရပ်ဆိုင်းခံလိုက်ရတဲ့အတွက် လွတ်လပ်တဲ့ သတင်းမီဒီယာတွေ နည်းပါးသွားနိုင်တယ်လို့လည်း ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်က ဆက်ပြီး သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လွတ်လပ်တဲ့သတင်းမီဒီယာအများစုကို စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့သလို သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက်ပိတ်သိမ်းတာကြောင့် သတင်းဌာနအများစုဟာ နယ်စပ်ဒေသနဲ့ နိုင်ငံပြင်ပမှာ ဆက်လက် ရပ်တည်နေကြရတာ ဖြစ်ပါတယ်။

အခုလိုအခြေအနေမှာ နယ်စပ်ဒေသတွေမှာ အခြေစိုက်နေတဲ့ သတင်းမီဒီယာတွေအနေနဲ့ ပြည်ပအထောက်အပံ့တွေနဲ့ အဓိကရပ်တည်နေရတာဖြစ်လို့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲသွားမယ်လို့ ကရင်သတင်းဌာန Karen Information Center (KIC) ရဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေက ပြောပါတယ်။

“အရင်ကတော့ လုံခြုံ‌‌ရေး၊ လုံခြုံရေးလို့ ပြောခဲ့ပေမဲ့ အခုကတော့ ရပ်တည်ရေးက ပိုပြီးတော့ အကြီးမားဆုံး နံပါတ် ၁ အခက်အခဲ ဖြစ်လာတယ်။ Exile နဲ့ နယ်စပ်၊ လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်ရတဲ့ အနေအထားမျိုးတွေကြောင့် အစီအမံတွေက နည်းနည်းတော့ အခက်အခဲရှိတာပေါ့။’’

ဒီအခြေအနေတွေကြောင့် နယ်စပ်အခြေစိုက် သတင်းဌာနတွေအနေနဲ့ ဝန်ထမ်းလျှော့ချတာတွေ၊ ရုံးခန်းတွေ ဆက်မငှားနိုင်တော့လို့ အိမ်ကနေ အလုပ်လုပ်ရတာတွေနဲ့ သတင်းထုတ်လုပ်မှုတွေ လျှော့ချပစ်ရတာတွေကို အကျိုးဆက်တွေ ဖြစ်လာမယ်လို့ နန်းဖော့ဂေက သုံးသပ်ပါတယ်။

တခြားဝင်ငွေရလမ်းဖြစ်တဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းကရတဲ့ ငွေကြေးအနည်းငယ်နဲ့ ကျားကန်ရပ်တည်ဖို့ ကြိုးစားရမယ့် အခြေအနေဟာလည်း သတင်းဌာနတခုရပ်တည်ဖို့ လုံလောက်တဲ့ အနေအထား မရှိဘူးလို့ သတင်းမီဒီယာဌာနတွေရဲ့ ဦးဆောင်သူတွေက ဆိုကြပါတယ်။

ရခိုင်အခြေစိုက် Western News သတင်းဌာနတည်ထောင်သူ ကိုဝဏ္ဏခွာညိုက “၂၀၂၅ မှာ လျာထားတဲ့ အစီအစဉ်တွေ အကုန်ဖြုတ်ချလိုက်ရတယ်။ ပြီးတော့ ဝန်ထမ်းတွေကိုလည်း အကုန်လျှော့ချလိုက်ရတယ်။ ကျနော်တို့ ရခိုင်မှာဆိုရင် ပြည်ပက ဒါမှမဟုတ် အဖွဲ့အစည်း အတော်များများက ထောက်ပံ့မှုနဲ့ ရပ်တည်ရတာ များတာပေါ့လေ။ နိုင်ငံအကြီးတွေက USAID က ပံ့ပိုးတဲ့ အကူအညီနဲ့ပဲ ကျနော်တို့ ရပ်တည်ရတယ်ဆိုတော့ ရေရှည်မှာ ဒီအကူအညီတွေ မရဘူးဆိုရင် Monetization ရတဲ့အနေအထားကလည်း မဖြစ်စလောက်လို့ ပြောရမှာပေါ့။ ရေရှည်ရပ်တည်ရေးက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တဲ့ အနေအထားရှိမယ်။ ခက်ခက်ခဲခဲနဲ့လည်း ကျနော်တို့ ရပ်တည်ရတဲ့ အနေအထား ဖြစ်လာလိမ့်မယ်”လို့ ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ USAID လက်အောက်က အကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ရပ်တည်ရေးအတွက် အခက်အခဲ ကြုံနေရသလို သတင်းအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေကြတဲ့ သတင်းထောက်တွေနဲ့ မိသားစုတွေလည်း ထိခိုက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

လတ်တလော မြန်မာမီဒီယာတချို့မှာ ဇန်နဝါရီ ၂၅ ရက်ကစပြီး ဝန်ထမ်းအရေအတွက် လျှော့ချတာ ရှိနေတယ်လို့ အလုပ်လျှော့ချခံလိုက်ရတဲ့ သတင်းထောက် အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။

“နယ်စပ်ဘက်မှာကျ မိသားစုနဲ့ ရပ်တည်ဖို့က ဝင်ငွေမရှိလို့ မရဘူးလေ။ အခုအလုပ်က မသေချာ မရေရာတဲ့ အခြေအနေ ဖြစ်နေတော့ နားရမယ့်သဘော ဖြစ်နေတာပေါ့။ အခုက တခြားအလုပ်တခု လုပ်ဖို့ကလည်း ကိုယ်လုပ်တတ်တာကလည်း တခြားကျွမ်းကျင်တာ မရှိတော့ အလုပ်ရှာရ ခက်နေတယ်။ အခုက ဝင်ငွေလုံးဝ မရှိတော့မယ့် အခြေအနေဆိုတော့ အလုပ်ကလည်း မဖြစ်မနေ လုပ်ရမှာ။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပြင်ပမှာ ရပ်တည်နေတဲ့ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းရဲ့ ၅၀ ရာခိုင်နှုန်းဟာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ရဲ့ တဆင့်ရရှိတဲ့ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရတာဖြစ်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက သုံးသပ်ပါတယ်။ 

အဲဒီဆိုင်းငံ့မှုကြောင့် မြန်မာနိုင်ငံက သတင်းမီဒီယာလုပ်ငန်းသာမက ကျန်းမာရေး၊ ပညာရေး၊ ဒုက္ခသည် အကူအညီ‌ပေးရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ အားလုံးပါ ယာယီရပ်ဆိုင်းခံလိုက်ရတာပါ။

အမေရိကန်အစိုးရရဲ့ ပြည်ပကူညီထောက်ပံ့မှုတွေကို ပြန်လည်သုံးသပ်ဖို့အတွက် အထောက်အပံ့တွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားတာဖြစ်ပြီး ဒီနောက်ပိုင်းမှာ အကူအညီတွေ ဆက်လက် ပေးမယ် မပေးဘူးဆိုတာလည်း မရေရာ မသေချာတဲ့ အခြေအနေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးကာလအတွင်း သတင်းသမားဦးရေ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ သတင်းသမား ၆၀ အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း သတင်းသမား ၄၃ ယောက်လောက်ဟာ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့  လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ဇန်နဝါရီ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024