Home
ရုပ်သံ
စစ်အာဏာသိမ်း ၄ နှစ် မြန်မာသတင်းသမားများအခြေအနေ RSF ရုပ်သံမှတ်တမ်း ထုတ်ပြန်(ရုပ်သံ) 
DVB
·
January 31, 2025
Photo-rsf

စစ်အာဏာသိမ်း ၄ နှစ်ပြည့် မြန်မာသတင်းသမားတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတခုကို ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

“Myanmar: The Merciless Crackdown” အမည်ရတဲ့ အဆိုပါ မှတ်တမ်းရုပ်သံထဲမှာ တော့ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အကြာ မြန်မာသတင်းထောက်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်အားကို မီးမောင်းထိုးပြထားခဲ့တာပါ။

RSF ရဲ့ အာရှ-ပစိဖိတ်ဗျူရို ညွှန်ကြားရေးမှူး စီဒရီ အယ်လ်ဗီရာနီက “ဒီသတင်းသမားတွေဟာ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ ဖိနှိပ်မှုတွေ ရင်ဆိုင်ရတဲ့ကြားကနေ ဆက်လက်ပြီးတော့ သတင်းရယူခွင့်ကို ခုခံကာကွယ်ဖို့ ထူးခြားတဲ့ ရဲစွမ်းသတ္တိတွေ ပြသနေခဲ့တာပါ။ RSF နဲ့ သူတို့မျှဝေထားတဲ့ ဇာတ်လမ်းတွေဟာ ခံနိုင်ရည်ရှိရေး သင်ခန်းစာတခုဖြစ်သလို နိုင်ငံတကာ သွေးစည်းညီညွတ်မှုအတွက် အရေးတကြီးတောင်းဆိုမှုတခုပါ။ RSF အနေနဲ့ ဖမ်းဆီးခံ သတင်းထောက်တွေအားလုံးကို ပြန်လွှတ်ပေးဖို့၊ သတင်းမီဒီယာတွေအပေါ် အကြမ်းဖက်လှုပ်ရှားမှုတွေ အဆုံးသတ်ဖို့နဲ့ (မြန်မာ) စစ်အုပ်စုအပေါ် နိုင်ငံတကာက ပြင်းထန်တဲ့ဖိအားပေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ဒီမှတ်တမ်းရုပ်သံထဲမှာတော့ အလွတ်တန်းသတင်းထောက် အက်စတာ၊ ဓာတ်ပုံသတင်းထောက် မာနော်နဲ့ ရုပ်သံသတင်းထောက် ပြည့်တို့ကို တွေ့ဆုံမေးမြန်းထားပါတယ်။

၂၀၂၁ ခု နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ အုံကြွမှုတွေကို ပြန်ပြောပြခဲ့သလို သတင်းသမားတွေဟာ အကြမ်းဖက်မှုတွေမှာ အဓိကပစ်မှတ်တွေ ဖြစ်နေပေမဲ့ ဆက်လက်ပြီးတော့ သူတို့ရဲ့ အဆက်မပြတ်အစီရင်ခံမှုတွေအကြောင်းကို မျှဝေထားခဲ့တယ်လို့ ဆိုပါတယ်။

RSF ရဲ့ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၇၁ မှာ ရပ်တည်နေပြီး သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုမှာ တရုတ်နိုင်ငံရဲ့နောက် ဒုတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။


Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024