ဟယ်မဒ်တီလို့ လူသိများတဲ့ ဆူဒန်အရန်အမြန်ကူညီရေးတပ်ဖွဲ့ (RSF) ရဲ့ ခေါင်းဆောင် မိုဟာမဒ် ဟမ်ဒန် ဒါဂါလိုဟာ သူတို့အုပ်စုကို လေကြောင်းတိုက်ခိုက်မှုတွေမှာ အီဂျစ် ပါဝင်ပတ်သက်နေတယ်လို့ အောက်တိုဘာ ၉ ရက်က ဗီဒီယို မိန့်ခွန်းထဲမှာ ပြောပါတယ်။
၁၈ လနီးပါး နိုင်ငံကို ဖျက်ဆီးခဲ့တဲ့ ပဋိပက္ခမှာ လတ်တလော အသာစီးရနေတဲ့ ဆူဒန်စစ်တပ်ကို ကိုင်ရိုအစိုးရဟာ လေ့ကျင့်ရေးနဲ့ ဒရုန်းတွေကို ထောက်ပံ့ပေးတယ်လို့လည်း စွပ်စွဲထားပါတယ်။
အီဂျစ်ပြည်ရဲ့ သစ္စာဖောက်မှုကြောင့်၊ အီဂျစ်လေတပ်ရဲ့ သစ္စာမဲ့မှုကြောင့် ခါတွမ် အရှေ့တောင်ပိုင်းက ဂျဘဲလ်မိုယာမှာ သူ့ခြင်္သေ့စစ်သားတွေ အသေခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အီဂျစ်လေတပ်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပေမဲ့ နှုတ်ဆိတ်နေခဲ့တာ ကြာပါပြီလို့လည်း ဟယ်မဒ်တီက ပြောပါတယ်။
မှတ်တမ်းတင်ဗီဒီယိုထဲမှာ ဟယ်မဒ်တီက အီဂျစ်ဟာ သူ့ရဲ့တိုက်ခိုက်မှုတွေမှာ အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိ အမေရိကန်ဗုံးတွေကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့ပြီး “အမေရိကန်တွေ သဘောမတူရင် ဒီဗုံးတွေက ဆူဒန်ကို ရောက်လာမှာ မဟုတ်ဘူး” လို့လည်း ဆိုပါတယ်။
ဒါ့အပြင် အီသီယိုးပီးယား မြောက်ပိုင်းမှ တီဂရေးလူမျိုးတွေ၊ အီရစ်ထရီးယား၊ အဇာဘိုင်ဂျန်နဲ့ ယူကရိန်းတို့က ကြေးစားစစ်သားတွေ နိုင်ငံထဲ ရောက်နေကြတာကိုလည်း ရည်ညွှန်း ပြောကြားသွားပြီး စစ်ပွဲထဲမှာ ဆူဒန်စစ်တပ်နဲ့အတူ အီရန်နိုင်ငံသားတွေလည်း ပါဝင်ခဲ့ကြောင်း ထပ်မံစွပ်စွဲခဲ့ပါတယ်။
ဆူဒန်စစ်တပ်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ပံ့ပိုးနေတဲ့ နိုင်ငံ ၆ ခု၊ ၇ ခုအပြင် ကြေးစားစစ်သားတွေ၊ လက်နက်နဲ့ဒရုန်းတွေ ထောက်ပံ့မှု မှတ်တမ်းတွေအားလုံးကိုလည်း အပ်ဒိတ်လုပ်ထားတယ်လို့ ဟယ်မဒ်တီက ပြောပါတယ်။
အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ အီဂျစ်အစိုးရဟာ ဆူဒန်စစ်တပ်နဲ့ အကြီးအကဲ အဗ္ဗဒယ်လ် ဖာတား အယ်လ်-ဘူရ်ဟန် တို့နဲ့ နီးစပ်တယ်လို့ ယူဆထားပေမဲ့ အမေရိကန်နဲ့ ဆော်ဒီအာရေးဗျ တို့နဲ့အတူ ပူးပေါင်းပြီး ဒီပဋိပက္ခကို ပြေလည်အောင် ကြိုးပမ်းခဲ့ပါတယ်။
ကိုင်ရိုဟာ အခုနှစ်အစောပိုင်းမှာ ပြိုင်ဘက်နိုင်ငံရေးအုပ်စုတွေအကြား ဆွေးနွေးပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ ဆူဒန်စစ်ပွဲကြောင့် လူပေါင်း ၁၀ သန်းနီးပါး နေအိမ်တွေက စွန့်ခွာခဲ့ရပြီး ငတ်မွတ်ခေါင်းပါးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာပါ။
လူမျိုးရေးအရ တွန်းအားပေးတဲ့ အကြမ်းဖက်မှု လှိုင်းလုံးတွေကြောင့်လည်း RSF ကို အကြီးအကျယ် အပြစ်တင်နေကြပါတယ်။
Source-Reuters