
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ကို ဇန်နဝါရီ ၃၀ ရက် မနေ့ ည ၁၀ နာရီလောက်က မြောက်ဥက္ကလာပ မြို့ပြတော်လှန်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ မြောက်ဥက္ကလာပ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
(ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မြင့်ကျော်နဲ့အဖွဲ့ဟာ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူပိုင်မြေတွေကို ထင်သလိုရောင်းစားနေတဲ့အပြင် ပြည်သူတွေအပေါ် ဖိနှိပ်မှုမျိုးစုံ လုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
မြောက်ဥက္ကလာပ မြို့ပြတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ပြည်သူပိုင်မြေ မီးတားမြေ ချောင်းအင်းကမ်းစပ် မြေကွက်တွေကို အုပ်ချုပ်ရေးမှူး အောင်မြင့်ကျော်နဲ့ အဖွဲ့ဝင် မျိုးညွန့်တို့က စစ်တပ်နဲ့ပေါင်းပြီး ရောင်းစားနေတာကို ပြည်သူတွေက တိုင်တန်းတာကြောင့် သတိပေးတဲ့အနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ သူတို့ရှိနေတဲ့အချိန် လက်ပစ်ဗုံးနဲ့ ပစ်ခတ်သတိပေးခဲ့တာ” လို့ DVB ကို ပြောပါတယ်။
လက်ပစ်ဗုံးပစ်ခတ်ချိန် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ အရပ်ဝတ်နဲ့ စစ်သားတွေပါ ရှိနေပြီး ရုံးဝင်း အတွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လုံခြုံရေးအရ ထိခိုက်မှုအခြေအနေ မသိခဲ့ရဘူးလို့ ဆိုပါတယ်။
ပြည်သူပိုင်မြေ မီးတားမြေ ချောင်းအင်းကမ်းစပ်မြေကွက်တွေကို လက်ဝယ်ထားရှိသူတွေကိုလည်း တော်လှန်ရေးအလွန်ကာလပြီးတာနဲ့ အားလုံး ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမှာဖြစ်တယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇန်နဝါရီ ၁ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရုံးမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပ မြို့ပြတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။